ကမ္ဘာ့ EV ကားဈေးကွက်ကြောင့် ပြည်တွင်း လျှပ်စစ် EV ကားတင်သွင်းမှု နှေးကွေးနေ
- 333 views
ကမ္ဘာ့ EV ကားဈေးကွက်အတွင်း အပြိုင်အဆိုင် ဈေးနှုန်း လျှော့ချ ရောင်းချမှုများကြောင့် ပြိုင်ဆိုင်မှုမြင့်တက်နေရာ ပြည်တွင်းသို့ EV ကားတင်သွင်းသူများအနေဖြင့် တင်သွင်းရောင်းချရန် အချိန်ယူဆောင်ရွက်နေရကြောင်း သိရသည်။
ကမ္ဘာ့ EV ကားဈေးကွက်အတွင်း နာမည်ကျော် အမှတ်တံဆိပ်များမှာ ဈေးနှုန်းပြိုင်ဆိုင်မှုများရှိလာခြင်းကြောင့် တင်သွင်းရောင်းချသူများအနေဖြင့် ဈေးနှုန်း မတည်ငြိမ်ကြောင်း EV ကား တင်သွင်းရောင်းချနေသည့် ကုမ္ပဏီများထံမှ သိရသည်။
“ ပြည်တွင်းငွေလဲဈေးကလဲ မငြိမ်ဘူး နိုင်ငံတကာ EV ကားဈေးတွေကလဲ တစ်လအတွင်း အပြောင်းအလဲဖြစ်နေတယ်။ ကျွန်တော်တို့ EV ကားတင်သွင်းသူတွေက အစီးရေ အများကြီးသွင်းလာပြီး ပြည်တွင်းရောက်မှ ဈေးထိုးကျသွားရင် အကုန်ရှုံးကုန်မှာ။ ဒါကြောင့်ထိန်းသွင်း ထိန်းရောင်းနေရတဲ့ ဈေးကွက်ဖြစ်နေတယ်။ နောက်ထပ် ပြဿနာက လျှပ်စစ်မီး ပျက်နေတာကြောင့် ဝယ်သူဘက်က သံသယ ပိုများတယ်” ဟု မြန်မာ့မော်တော်ယာဉ်ထုတ်လုပ်ရေးနှင့်ဖြန့်ဖြူးရောင်းချရေး လုပ်ငန်းရှင်များအသင်း (MAMDA) မှအကြီးတန်းအရာရှိတစ်ဦးက ပြောသည်။
ကမ္ဘာကျော် EV ကား Tasla က မော်ဒယ်အသစ်များကို ဒေါ်လာနှစ်သောင်းခွဲအောက်ဈေးလျော့ရောင်းရန် စီစဉ်နေရာ တရုတ်ကားကုမ္ပဏီများမှာ ဆက်လက် ဈေးလျှော့ရောင်းချရမည့် အခြေအနေသို့ရောက်ရှိနေသည်။
ပြည်တွင်းသို့ တင်သွင်းသော EV ကား အများစုမှာ တရုတ်နိုင်ငံမှ တန်ဖိုးနည်း EV ကား များဖြစ်ကြပြီး လက်တလော ဈေးကွက်အတွင် သိန်း (၈၀၀)မှ သိန်းနှစ်ထောင်အကြား EV ကားများမှာ အရောင်းသွက်နေကြောင်း သိရသည်။
လက်တလော EV ကားတင်သွင်းသူများက အားသွင်းရုံများတည်ဆောက်ပေးနေခြင်းကြောင့် တင်သွင်းပြီးသုံးစွဲနေသော EV ကား အစီးသုံးထောင်ဝန်းကျင်အတွက် အဆင်ပြေသော်လည်း EV ကားသုံး စွဲမှု ပိုမိုများပြားလာပါက အားသွင်းရုံများ ပိုမိုတည်ဆောက်ရန် လိုအပ်နေခြင်းဖြစ်သည်။
EV ကားသုံးစွဲမှုနည်းပါးနေခြင်းကြောင့် သုံးစွဲသူများဘက်မှ အားသွင်းခြင်းနှင့် EV ကား နှင့်ပတ်သက်သော ဝန်ဆောင်မှုများကို အဆင်ပြေနေသော်လည်း EV ကားသုံးစွဲမှုမြင့်မားလာပါက အားသွင်းရုံများတွင် အခက်အခဲများရှိနိုင်ကြောင်း သိရသည်။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com