• Home
  • Car News
  • မြန်မာနှစ်သစ်ကူးကာလအပြီး ကားဈေးကွက် အနည်းငယ်အေးနေ

မြန်မာနှစ်သစ်ကူးကာလအပြီး ကားဈေးကွက် အနည်းငယ်အေးနေ

  • 393 views

မြန်မာနှစ်သစ်ကူး သင်္ကြန်ကာလအပြီးတွင် ပြည်တွင်းကားဈေးကွက်အတွင်း အ‌ရောင်းအဝယ်အနည်းငယ်အေးနေကြောင်း ကားဝယ်ရောင်းလုပ်ငန်းရှင်များထံမှ သိရသည်။

ရန်ကုန်နှင့် မန္တလေးအပါအဝင် မြို့ကြီးများရှိ ကားဈေးကွက်အတွင်း၌ နယ်မြို့များမှ ကားဝယ်ယူမှု အားနည်းလာခြင်းကြောင့်ဖြစ်ကြောင်း သိရသည်။

“ နယ်မြို့တွေမှာ ကလေးတွေကျောင်းထားဖို့ မိဘတွေက သင်္ကြန်အပြီးမှာ ကားဝယ်တာများတယ်။ ဒီနှစ်မှာတော့ လက်နက်ကိုင်တိုက်ပွဲတွေကြောင့် နယ်ဘက်တွေက ကားဝယ်တာနည်းသွားပါတယ်။ နိုင်ငံခြားကို ကလေးကျောင်းထားဖို့ ကားထုတ်ရောင်းကြတာလဲရှိတယ်။ လက်တလောမှာ ကားအရောင်းအဝယ် အေးနေတယ်” ဟု မန္တလေးအခြေစိုက် ကားဝယ်ရောင်းလုပ်ငန်းရှင် တစ်ဦးကပြောသည်။

ရန်ကုန်မြို့တွင် စက်သုံးဆီကားများနှင့်အပြိုင် လျှပ်စစ်သုံး EV ကားများကို ရောင်းချနေခြင်းကြောင့် ဈေးကွက်အတွင်း အရောင်းပိုများကြောင်း သိရသည်။

လက်တလောတွင် ရန်ကုန်ဈေးကွက်၌ သိန်း (၅၀၀) တန်ကားများမှာ သိန်း (၄၅၀) ဝန်းကျင်အထိ ဈေးချရောင်းနေပြီး အရောင်းအဝယ် ပုံမှန်အခြေအနေတွင်ရှိကြောင်း သိရသည်။

 

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com