ရွှေဈေးနှင့်ဒေါ်လာဈေးများ မြင့်တက်မှုကြောင့် ကားဈေးကွက်အတွင်း ဈေးမြင့်လာ
- 677 views
ကားဈေးကွက်အတွင်း စက်သုံးဆီကားများမှာ လွန်ခဲ့သောသုံးလခန့်ကထက် သိန်းတစ်ရာဝန်းကျင်ခန့် ကားအမျိုးအစားပေါ်မှုတည်ကာ ဈေးများမြင့်တက်လာခြင်းဖြစ်သည်။
စက်သုံးဆီကားများအတွင်း SKD ကား အများစုမှာ ဈေးပိုမိုမြင့်မားနေသလို ဂျပန်တစ်ပတ်ရစ်ကားများလည်း ဈေးတက်လာခြင်းဖြစ်သည်။
“ တစ်လလောက်ပြည်ပရောက်နေတာ ပြန်ရောက်လို့ ကားဝိုင်းထဲကို ဈေးမေးကြည့်တော့ ဆူဇူကီး အာတီကာတွေဆို သိန်းတစ်ထောင်အောက် မရှိတော့ဘူး။ အနိမ်ဆုံး သိန်း (၁၁၀၀) ဟွန်ဒါဖစ် ဂျီစစ် ဆိုရင် သိန်း (၅၀၀) အောက်မရှိတော့ဘူး။ အကုန်ဈေးတွေတက်နေတာ။ ဒေါ်လာဈေး ရွှေဈေး တက်တဲ့အရှိန်က တခြားကုန်စည်တွေကို တိုက်ရိုက်သက်ရောက်နေပါတယ်” ဟု ဝါရင့်ကားဝယ်ရောင်းလုပ်ငန်းရှင်တစ်ဦးက ပြောသည်။
ပြည်တွင်း၌ အိမ်စီး လူစီးကားဈေးကွက်သည် ငွေကျပ်နှစ်သောင်းတန် သတင်းကြောင့် မြင့်တက်ခဲ့သော်လည်း နောက်ပိုင်း၌ပြန်လည်ကျဆင်းခဲ့ပြီး လက်ရှိတွင် တဖြည်းဖြည်း ပြန်လည် မြင့်တက်လာ ခြင်းဖြစ်သည်။
နိုင်ငံတကာဈေးကွက်အတွင်း ရွှေဈေးများမြင့်တက်နေသည့်အပြင် မြန်မာကျပ်ငွေတန်ဖိုး ဆက်တိုက် ကျဆင်းခြင်းကြောင့် အထွေထွေကုန်ဈေးနှုန်းမြင့်တက်ကာ ကားဈေးကွက်အတွင်း အပြောင်းအလဲများ ဖြစ်ပေါ်နေကြောင်း သိရသည်။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com