• Home
  • Car News
  • ငွေလဲနှုန်း ကြောင့် ကားသစ်တင်သွင်းမှု ‌‌နှေးကွေးနေ

ငွေလဲနှုန်း ကြောင့် ကားသစ်တင်သွင်းမှု ‌‌နှေးကွေးနေ

  • 234 views

မြန်မာနိုင်ငံ၏ နိုင်ငံခြားငွေလဲဈေးနှုန်း မှာတည်ငြိမ်ခြင်းမရှိဘဲ အမြင့်ပိုင်းမှာ ဆက်တိုက် ရပ်တည်နေတာကြောင့် ပြည်ပမှ ကားသစ်တင်သွင်းမှုများ နည်းပါးနေကြောင်း ကားတင်သွင်းရောင်းချသူများထံမှသိရသည်။

ပြည်တွင်းရှိ အမေရိကန်ဒေါ်လာငွေ နှင့်မြန်မာငွေအကြားလဲလှယ်သည်ဈေးနှုန်းများမှာ ဆက်တိုက် မြင့်တက်နေသည့်အပြင် ရွှေဈေးအပါအဝင် အခြားကုန်စည် ဈေးနှုန်းများလည်းမြင့်တက်နေခြင်းကြောင့် ပြည်ပမှ ICE ကားနှင် EV ကား အပါအဝင်ကားသစ်တင်သွင်းမှုမှာ လုပ်ငန်းနှေးကွေးနေကြောင်း မြန်မာနိုင်ငံ မော်တော်ယဥ် ထုတ်လုပ်ရေးနှင့်ဖြန့်ဖြူးရောင်းချရေးလုပ်ငန်းရှင်များအသင်း MADP မှ သိရသည်။

“ကားသစ်ဈေးကွက်မှာ  ကြိုပွိုင့်မရောင်းရဘူးဆိုတဲ့စည်းကမ်းရှိပါတယ်။ ဒါပေမယ့် ကားသစ်တွေသွင်းထားပြိး ငွေဈေးကတက်သွားတော့ နောက်ထပ် ထပ်သွင်းဖို့ ပိုက်ဆံက အိတ်စိုက်ရမယ့် အခြေအနေ‌ရောက်ကုန်ပါတယ်။ ဒီတော့အမှန်တကယ် စီးချင်တဲ့ သေချာတဲ့သူရှိမှ ကားသစ်တင်သွင်းတယ်။ ကုမ္ပဏီတွေမှာ လက်ကျန်ကားသစ် သိပ်မရှိတော့ အမြန်လိုချင်တဲ့သူက ဝယ်ရောင်းဈေးကွက်ထဲကပြန်ဝယ်တယ်။ ကားသစ် ဈေးကွက်က တင်သွင်းမှု နှေးကုန်တာပေါ့”ဟု ကားတင်သွင်းရောင်းချသူ တစ်ဦးကပြောသည်။

လက်ရှိတွင် Zero ကီလို ကားသစ်များ တင်သွင်းမှုနှင့်  SKD ၊ CKD ကားများကို တင်သွင်းခွင့် ပါမစ်များ ထုတ်ပေးထားသော်လည်း တင်သွင်းမှု နည်းပါးနေပြီး ၊ EV လျှပ်စစ်ကားများမှာ အခွန်ကင်းလွတ်ခွင့်ရရှိထားသဖြင့် ဈေးနှုန်းအရ  ICE  ကားများထက် EV ကားများ သည်ဈေးနှုန်းသက်သာနေသည်။

မြန်မာနိုင်ငံ၏ လူစီးကားသုံးစွဲမှုမှာ က.ည.န စာရင်းများအရ တစ်နိုင်ငံလုံးတွင် လူစီးကားခြောက်သိန်းကျော်ရှိပြိး လျှပ်စစ်သုံးကား အရေအတွက်မှာနှစ်ထောင်ဝန်းကျင်သာရှိသည်။

 

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com