လျှပ်စစ်သုံးယာဉ် (EV) ကားများ (Pre-Order) စနစ် ရောင်းချမှုများဆက်ရှိနေ
- 240 views
လျှပ်စစ်သုံးယာဉ် (EV) နှင့် ဆက်စပ်ပစ္စည်းများ တင်သွင်းနေသည့် ကုမ္ပဏီများအနေဖြင့် ကြိုတင်အဝယ်အမှာစာ ကြိုတင်ငွေသွင်းမှုများ တားမြစ်ထားသော်လည်း ၊ ဈေးကွက်အတွင်း ကြိုပွိုင့်စနစ်နှင့် ရောင်းချမှုများ ရှိနေဆဲဖြစ်ကြောင်း ကားဝယ်ရောင်းလုပ်နေသူများထံမှ သိရသည် ။
လျှပ်စစ်သုံးယာဉ်နှင့်ဆက်စပ်လုပ်ငန်းများ ရင်းနှီးမြှုပ်နှံမှုနှင့် တင်သွင်း၊တင်ပို့၊တပ်ဆင်ထုတ်လုပ်မှု မြှင့်တင်ရေးလုပ်ငန်းကော်မတီက EV နှင့် ဆက်စပ်ပစ္စည်းတင်သွင်းသော ကုမ္ပဏီများကို Pre-Order ဖြင့် မရောင်းရန် နှစ်ကြိမ်တိုင်တိုင် သတိပေးထားခြင်းဖြစ်သည်။
“EV ကားနဲ့ ဆက်စပ်တင်သွင်းခွင့်ပြုတဲ့ ကုမ္ပဏီသာ တိုးလာတာ ။ ဈေးကွက်ထဲမှာက Pre-Order နဲ့ ရောင်းနေကြတုန်းပဲ။ ဆိုင်ရာဆိုင်ရာပေါ့ ။ သူ့အဆက်နဲ့သူ လုပ်နေကြတာပဲ။ ပြဿနာတော့ မတက်သေးဘူး။ မနှစ်ကဆို ၆ လလောက်အထိကို လက်ဝယ်မရကြလို့ တိုင်ကြားတာတွေ ဘာတွေရှိတယ်။ ကြိုပွိုင့်က တော်တော်နဲ့တော့ ပျောက်မယ်မထင်ဘူး” လို့ မော်တော်ယာဉ် ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချရေး လုပ်ငန်းရှင်များအသင်း၏ တာဝန်ရှိသူတစ်ဦးက ပြောသည် ။
လျှပ်စစ်သုံးယာဉ် EV ပြန်လည်ရောင်းချရာ၌ Show Room ဖွင့်ပြီး ရောင်းချရန် ၊ CIF တန်ဖိုး အပေါ်အမြတ် ၂၀ ရာခိုင်နှုန်းထက် ပိုမရောင်းရန် ၊ လူမှုကွန်ရက်မှတစ်ဆင့် ကြော်ငြာရောင်းချခြင်း မပြုလုပ်ရန်လည်း စည်းမျဉ်းကန့်သတ်ထားခြင်းဖြစ်သည် ။
ပြင်ပဈေးကွက်မှာတော့ ကြိုပွိုင့်စနစ်ဖြင့်ရောင်းချခြင်း ၊ သက်ဆိုင်ရာက သတ်မှတ်ထားတဲ့အမြတ်ပမာဏ ၂ဝ ရာခိုင်နှုန်းအတွင်းမှာ ရောင်းချမှုမရှိဘဲ တင်သွင်းလာသောဈေးထက် အမြတ်ပိုကျန်ရန် တစ်ဆင့်ခံ လက်လွှဲရောင်းချသော ပုံစံများ ကျင့်သုံးနေကြောင်း သိရသည် ။
ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်က မြန်မာနိုင်ငံတွင် EV ကားတင်သွင်းခွင့်ရရှိထားသည့် ကုမ္ပဏီ ၃၀ ကျော်မှ ကား Brand မျိုးစုံ တင်သွင်းခဲ့သော်လည်း ဝန်ဆောင်မှုနှင့်အာမခံချက်ပေးနိုင်သည့် ကုမ္ပဏီမှာ အနည်းငယ်သာရှိပြီး၊ ယခုနှစ်တွင် ကုမ္ပဏီ ၈၃ ခုအထိ တင်သွင်းခွင့်ပြုထားကြောင်း သိရသည်။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com