- Home
- Car News
- တရုတ်နိုင်ငံထုတ် EV ကား (၄၃) စီးနှင့် EV ဆိုင်ကယ် (၂၄၀) ကျော် ပြည်တွင်းဆိပ်ကမ်းတွေကို ထပ်မံရောက်ရှိ
တရုတ်နိုင်ငံထုတ် EV ကား (၄၃) စီးနှင့် EV ဆိုင်ကယ် (၂၄၀) ကျော် ပြည်တွင်းဆိပ်ကမ်းတွေကို ထပ်မံရောက်ရှိ
- 132 views
ပြည်တွင်းမှာ EV ကဏ္ဍဖွံ့ဖြိုးတိုးတက်ဖို့ Pilot Project အနေနဲ့လုပ်ဆောင်နေပြီး တရုတ်နိုင်ငံထုတ် EV ကားတွေ တင်သွင်းနေတာ တစ်နှစ်ကျော်လာပြီဖြစ်ပါတယ်။ အခုလက်ရှိမှာလည်း တရုတ်နိုင်ငံထုတ် EV ကား(၄၃)စီးနဲ့ EV ဆိုင်ကယ် (၂၄၆)စီးဟာ အခုဖေဖော်ဝါရီလအတွင်း ရောက်ရှိလာလို့ လုပ်ထုံးလုပ်နည်းတွေအတိုင်း စိစစ်ပြီး တင်သွင်းလာတဲ့သက်ဆိုင်ရာကုမ္ပဏီတွေကို ထုတ်ယူခွင့်ပြုခဲ့တယ်လို့ အကောက်ခွန်ဦးစီးဌာနကနေ သိရပါတယ်။
ပြီးခဲ့တဲ့တစ်နှစ်လုံး EV ကားအစီးရေ (၃၀၀၀၀)တင်သွင်းဖို့ လျာထားပေမယ့် အစီးရေ(၁၈၀၀)ကျော်ပဲ တင်သွင်းနိုင်ခဲ့လို့ အခုထပ်ပို တင်သွင်းခွင့်ပြုဖို့ လုပ်ငန်းရှင်တွေက တောင်းဆိုထားပြီးနောက်ပိုင်း အခု (၂၀၂၄)ခုနှစ် အစပိုင်းမှာ EV ကားနဲ့ EV ဆိုင်ကယ်တွေ ရာနဲ့ချီတင်သွင်းနေတာဖြစ်ပါတယ်။
အခုလက်ရှိမှာလည်း တရုတ်နိုင်ငံထုတ် EV မော်တော်ယာဉ်တွေဖြစ်တဲ့ BYD ATTO 3 (၁၈)စီး နဲ့ HONGQI EQMS (၂၅)စီးဟာ ရွာသာကြီးကုန်းတွင်းဆိပ်ကို ထပ်မံရောက်ရှိလာတာဖြစ်ပါတယ်။ ဒါ့အပြင် EV ဆိုင်ကယ် တွေလည်း ထပ်မံရောက်ရှိလာတာဖြစ်ပါတယ်။ အဲဒီ EV ယာဉ်တွေအတွက် အခွန်ကင်းလွတ်ခွင့် ပေးထားတယ်လို့လည်း အကောက်ခွန်ဦးစီးဌာနကနေ သိရပါတယ်။
လက်ရှိပြည်တွင်း EV ဈေးကွက်ထဲမှာ EV လူစီးယာဉ် အစီးရေ (၂၂၁၇)စီး ၊ EV ကုန်တင်ယာဉ်(ဝန်ပေါ့) အစီးရေ (၁၁)စီး ။ EV ဆိုင်ကယ်အစီးရေ (၂၈၃၆)စီး ၊ EV သုံးဘီးယာဉ် အစီးရေ (၂၄၄)စီး စုစုပေါင်း (၅၃၀၈)စီး မှတ်ပုံတင်ခွင့် ပြုထားတာဖြစ်ပါတယ်။ ပြည်တွင်း EV ကဏ္ဍဖွံ့ဖြိုးတိုးတက်ဖို့လုပ်ဆောင်နေတာ (၁၃)လ ကျော်ကာလ ရှိပြီဖြစ်ပါတယ်။ အခုနှစ် ဇန်နဝါရီလ တစ်လထဲမှာပဲ EV အစီးရေ (၃၀၀)ကျော် တင်သွင်းထားပါတယ်။
ပြည်တွင်းဈေးကွက်ထဲမှာ EV အမျိုးအစား အများအပြားရှိနေပြီး ကျပ်သိန်း (၈၀၀)ကျော်ကနေ ကျပ်သိန်း (၂၀၀၀) ဝန်းကျင်အထိ ပေါက်ဈေးအမျိုးရှိနေပါတယ်။ လက်ရှိမှာတော့ EV ယာဉ်နဲ့ဆက်စပ်လုပ်ငန်းတွေ လုပ်ကိုင်ဖို့ ကုမ္ပဏီ(၈၀)ကျော်ကို လုပ်ကိုင်ခွင့်ပြုပေးထားပေမယ့် အမှန်တကယ် လုပ်ငန်းလည်ပတ်နေတာကတော့ ကုမ္ပဏီ (၃၀)ကျော်ပဲ ရှိသေးတယ်လို့ ဝါရင့်ကားဝယ်ရောင်းလုပ်ငန်းလုပ်ကိုင် သူတွေက ပြောပါတယ်။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com