• Home
  • Car News
  • တစ်နှစ်တာကာလအတွင်း ရန်ကုန် - မန္တလေးအမြန်လမ်းတွင် အမှုပေါင်း ၁၃၀၀၀ ကျော် ဖမ်းဆီးအရေးယူ

တစ်နှစ်တာကာလအတွင်း ရန်ကုန် - မန္တလေးအမြန်လမ်းတွင် အမှုပေါင်း ၁၃၀၀၀ ကျော် ဖမ်းဆီးအရေးယူ

  • 293 views

 

တစ်နှစ်တာကာလအတွင်း ရန်ကုန် - မန္တလေး အမြန်လမ်း၌ သတ်မှတ်အရှိန်ထက် ကျော်လွန်မောင်းနှင်သော ယာဉ်များကို ဖမ်းဆီးကာ သက်ဆိုင်ရာတရားရုံးများသို့ တရားစွဲတင်ပို့ခဲ့သည့် အမှုပေါင်း (၁၃၀၁၉) မှုရှိခဲ့ကြောင်းလည်း နေပြည်တော် အမြန်လမ်းမကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

ယခုအခါ ဖမ်းသည့်ကင်မရာများကို ကားများဖြင့်မြင်သာအောင်မထားတော့ကြောင်း၊ ကားနှင့်စက်ရှိပါကလည်း ရုတ်တရက် မြင်ကွင်းတွင်သာရှိသဖြင့် စက်ဖြင့်မှတ်သည့်ကားအတွေ့တွင် အရှိန်လျော့၍မမှီကြောင်း၊ ကားမတော်တဆမှုများလည်းများနေသဖြင့် မိုင်ကျော်မမောင်းတာကပိုကောင်းကြောင်း ကားသမားအချို့ထံမှသိရသည်။

ယင်းအမြန်လမ်းမကြီးတွင် သတ်မှတ်မြန်နှုန်းထက် ကျော်လွန်မောင်းနှင်သည့် မော်တော်ယာဉ်များကို (၁) ရက်လျှင် ပျမ်းမျှအစီးရေ (၅၀) ခန့်ကို အရေးယူနေရကြောင်း နေပြည်တော် အမြန်လမ်းမကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

အဆိုပါ အမြန်လမ်း၌ အိမ်စီးယာဉ်များအတွက် တစ်နာရီလျှင် ကီလိုမီတာ (၁၀၀)၊ ခရီးသည်တင် express ယာဉ်များအတွက် ကီလိုမီတာ (၉၀) နှင့် Light Truck၊ Hijet၊ Telematics စနစ်တပ်ထားသည့် ကုန်တင်ယာဉ်များအတွက် ကီလိုမီတာ (၆၀) အဖြစ် သတ်မှတ်ထားပြီး၊ အမြန်လမ်းမတလျှောက် တချို့သော နေရာများတွင် ကျေးရွာများကို ဖြတ်၍ လမ်းဖောက်ထားသဖြင့် လမ်းမကြီးနှင့် အနီးတဝိုက်တွင် နေထိုင်ကြသူများအနေဖြင့် အမြန်လမ်းမကြီးကိုဖြတ်သန်းပြီးသွားလာလုပ်ကိုင်ရခြင်းများရှိတတ်သောကြောင့် ယာဥ်မတော်တဆမှုများနှင့် အသက်ဆုံးရှုံးမှုများ၊ အမြန်လမ်းအပေါ်မောင်းနှင့်နေကြသော မော်တော်ယာဉ်များ၏ ယာဉ်တိုက်မှုများလည်း မကြာခဏဖြစ်ပေါ် ကြုံတွေ့ရကြောင်း လေ့လာသိရှိရသည်။  

 

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com