မြဝတီ-ထော့ကော်ကိုးလမ်း ကုန်တင်ယာဉ်ကြီးများ ပြန်လည်သွားလာနိုင်ပြီ
- 188 views
ကရင်ပြည်နယ်ရှိ မြဝတီ-ထော့ကော်ကိုးလမ်းတွင် ကုန်တင်ယာဉ်ကြီးများကို ဖေဖော်ဝါရီ ၈ ရက်မှစတင်၍ နံနက် ၆ နာရီမှ ည ၁၂ နာရီအထိ ပြန်လည် ဖြတ်သန်းသွားလာခွင့်ပြုခဲ့ပြီဖြစ်၍ သွားလာနိုင်ပြီဖြစ်ကြောင်းစ ခရီးသွားလာသူများထံမှ သိရသည်။
အဆိုပါ လမ်း၌ ယာဉ်နှင့် ကုန် ၁၅ တန်ပါ ခြောက်ဘီးယာဉ်ကြီးများ၊ ယာဉ်နှင့် ကုန် ၂၀ တန်ပါ ၁၀ ဘီး နှင့် ၁၂ ဘီးယာဉ်ကြီးများကို ပြန်လည်ဖြတ်သန်းသွားလာခွင့်ပြုခဲ့ခြင်းဖြစ်ပြီး ကုန်တင်ကားကြီးများအားလုံးသည်ကတ္တားချိန်ပြီးမှသာ ဖြတ်သန်းခွင့်ရရှိမည်ဖြစ်ကြောင်း သိရသည်။
‘မြဝတီတက်ဖို့အတွက် အာရှလမ်းကသွားဖို့အဆင်မပြေတော့ ဒီလမ်းကနေပဲသွားကြရပါတယ်။ လမ်းကတောင်တက်မြေသားလမ်းဖြစ်တော့ မိုးတွင်းပိုင်းဆိုအဆင်မပြေနိုင်ဘူး။ အခုချိန်မှာ သွားရေးလာရေးကလွယ်ကူတယ်တော့မဟုတ်ပါဘူး။ လမ်းခရီးမှာ ကားတစ်စီးလောက် တစ်စုံတစ်ခုဖြစ်သွားတာနဲ့ ရှေ့ဆက်သွားဖို့က အချိန်အတော်ယူရပါတယ်”ဟု အဆိုပါလမ်းအသုံးပြုနေသူတစ်ဦးက ပြောသည်။
ထိုင်း - မြန်မာနယ်စပ် ကုန်စည်စီးဆင်းရာ အဓိကလမ်းကြောင်းဖြစ်သည့် မြဝတီ - ကော့ကရိတ် အာရှလမ်းပိုင်းမှ သွားလာမှုမရှိတော့ဘဲ လမ်းပန်းဆက်သွယ်ရေးပြတ်တောက်နေသဖြင့် ခရီးသည်တင်ယာဉ်များ၊ ကုန်တင်ယာဉ်များက မြဝတီ-ထော့ကော်ကိုးလမ်းအား အသုံးပြုသွားလာနေကြကြောင်း သိရသည်။
၎င်းလမ်းသည် မြေသားလမ်းဖြစ်သည့်အတွက် လမ်းပိုင်းအား အသုံးပြုရာတွင်လမ်းပိုင်းပျက်စီးမှုများ မရှိစေရန်နှင့် ရေရှည်တည်တံ့အသုံးပြုနိုင်စေရန်ရည်ရွယ်၍ ဒီဇင်ဘာ ၁၇ ရက်မှစတင်ကာ ၁၀ ဘီးနှင့် ၁၂ ဘီးကုန်တင်ယာဉ်များအား သွားလာခွင့် ပိတ်ပင်ထားခဲ့ပြီး ၁၀ ဘီး၊ ၁၂ ဘီး ကုန်တင်ယာဉ်ကြီးများအစား ခြောက်ဘီး ၂၄ ပေ ကုန်တင်ယာဉ်အထိသာ သွားလာခွင့်ပြုပေးခဲ့ရာမှ ယခုကဲ့သို့ ပြန်လည်ခွင့်ပြုပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထို့ပြင် မြဝတီ- ထို့ကော်ကိုးလမ်းသည် လမ်းခရီးကြမ်းတမ်းပြီး ယာဉ်မတော်တဆမှုများ မကြာခဏဖြစ်ပွားလေ့ရှိကာ ယာဉ်ကြောပိတ်ဆို့မှုများလည်း နေ့စဉ်ကြုံတွေ့နေရကြောင်း၊ လမ်းဂိတ်ကြေးများ အလွန်များပြားနေခြင်းကြောင့် ယာဉ်မောင်းများ အခက်ကြုံနေရသလို ယာဉ်စီးခမှာလည်း သုံးဆခန့်မြင့်တက်သွားကြောင်း သိရသည်။
‘ ဟိုးအရင်ကလိုနေ့ချင်းပြန်တော့သွားလာလို့မရဘူးပေါ့။ ကားလမ်းကအဆင်းတစ်ရက်၊ အတက်တစ်ရက် သတ်မှတ်ပေးထားတော့ တောင်ပေါ်(မြဝတီ) မှာ ညအိပ်ရတာပေါ့” ဟု မြဝတီသို့သွားရောက်သူတစ်ဦး ကပြောသည်။
လက်ရှိအချိန်တွင် ခရီးသွားယာဉ်လိုင်းများဖြစ်ကြသော ရန်ကုန်-ဘားအံ- မြဝတီကားလိုင်းများမှာလည်း မြဝတီသို့ တိုက်ရိုက်ပို့ဆောင်ပေးခြင်းမရှိတော့ဘဲ ဘားအံထိသာ စီးနင်းနိုင်ကြောင်း၊ ဘားအံမှတစ်ဆင့် ကားလေးလိုင်းများဖြင့်သာ မြဝတီသို့ဆက်လက်သွားနိုင်ကြောင်း ရန်ကုန်-ဘားအံ-မြဝတီအဝေးပြေး ယာဉ်လိုင်းများမှ သိရသည်။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com