• Home
  • Car News
  • လောင်စာဆီသုံး အိမ်စီးမော်ဒယ်နိမ့်ကားတွေကို ငွေကျပ် (၆၀၀၀၀) နဲ့ မဲနှိုက်ရောင်းချမှုများရှိလာ

လောင်စာဆီသုံး အိမ်စီးမော်ဒယ်နိမ့်ကားတွေကို ငွေကျပ် (၆၀၀၀၀) နဲ့ မဲနှိုက်ရောင်းချမှုများရှိလာ

  • 675 views

လောင်စာဆီသုံး အိမ်စီးမော်ဒယ်နိမ့်ကားတွေကို Facebook လူမှုကွန်ရက်စာမျက်နှာတွေကနေတစ်ဆင့် မဲတစ်ဆောင် ငွေကျပ် (၆၀၀၀၀) ဝန်းကျင်နဲ့ မဲနှိုက်ရောင်းချမှုတွေရှိနေတယ်လို့ ကားဝယ်ရောင်း လောကကနေ သိရပါတယ်။ 

ကားပွဲစားလောကအခေါ်  သိန်း (၃၀၀) အောက်ဝန်းကျင် အနိမ့်ကားတွေကို Facebook ကနေ တိုက်ရိုက် (Live ) လွှင့်ရောင်းချပေးတာဖြစ်ပြီး လိမ်ညာမှုတွေလည်းရှိနေတယ်လို့ ဝါရင့်ကားဝယ်ရောင်းလုပ်ငန်း လုပ်ကိုင်သူတွေရဲ့ ပြောကြားချက်အရ သိရပါတယ်။

အခုလို မဲနှိုက်ရောင်းချတဲ့အခါ ရောင်းချသူအနေနဲ့ တစ်ဆောင်ကို ( ၆၀၀၀၀) ဝန်းကျင်နဲ့ အဆောင် (၁၀၀၀) ရောင်းချတာဖြစ်ပြီး ပျှမ်းမျှတစ်စီးကို ကျပ်သိန်း (၆၀၀) ဝန်းကျင်ရရှိတယ်လို့ ကားဝယ်ရောင်းတွေက ဆိုပါတယ်။ အခုလို ကားရောင်းချမှုတွေမြင့်တက်နေပြီး မြို့ပြနဲ့အလှမ်းဝေးတဲ့ ကျေးလက်ဒေသကလူတွေ အဝယ်များပြီး အလိမ်ခံရနိုင်တယ်လို့ ဝါရင့်ကားပွဲစားတွေက ဆိုပါတယ်။

လက်ရှိ တစ်ပတ်ရစ်ကားဈေးကွက်ထဲမှာတော့ မော်ဒယ်နိမ့် အိမ်စီးကားတစ်စီးကို ကျပ်သိန်း (၃၀၀ ) ဝန်းကျင် ပေါက်ဈေးရှိနေပြီး မော်ဒယ်မြင့် ဇိမ်ခံကားဈေးတွေကတော့ ကျပ်သိန်း (၈၀၀) ကနေ ကျပ်သိန်းထောင်နဲ့ချီ ပေါက်ဈေးရှိနေတယ်လို့ ကားဈေးကွက်ထဲကနေ သိရပါတယ်။

 

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com