• Home
  • Car News
  • ဝေလမင်းသမီး ဒိုင်ယာနာစီးခဲ့သော Jaguar အတိုင်း တစ်ထပ်တည်း မွမ်းမံထားကာ The Crown ရုပ်သံ ဇာတ်လမ်းတွဲတွင် အသုံးပြုခဲ့သော မော်တော်ကား လေလံတင်ရောင်းချမည်

ဝေလမင်းသမီး ဒိုင်ယာနာစီးခဲ့သော Jaguar အတိုင်း တစ်ထပ်တည်း မွမ်းမံထားကာ The Crown ရုပ်သံ ဇာတ်လမ်းတွဲတွင် အသုံးပြုခဲ့သော မော်တော်ကား လေလံတင်ရောင်းချမည်

  • 251 views

 

 

ဝေလမင်းသမီး ဒိုင်ယာနာ အလွန်နှစ်သက်မြတ်နိုးခဲ့သော Jaguar ကားမော်ဒယ်ကို သူသက်ရှိထင်ရှား ရှိခဲ့စဉ် က စီးခဲ့သည့်ပုံစံအတိုင်း တထပ်တည်း မွမ်းမံထားကာ ဗြိတိန်တော်ဝင် မိသားစုအကြောင်း ရိုက်ကူးထားသည့် The Crown ရုပ်သံဇာတ်လမ်းတွဲတွင် အသုံးပြုခဲ့သော မော်တော်ကားတစ်စင်း လေလံတင်ရောင်းချရန် စီစဉ်ထားရာ ပေါင် ၂၀၀၀၀ ခန့် ရရှိဖွယ်ရှိကြောင်း ခန့်မှန်းထားသည်။

ယခုရောင်းချမည့် အစိမ်းရောင် Jaguar ကို ရုပ်ရှင်မင်းသမီး Elizabeth Debicki က The Crown ရုပ်သံ အစီအစဉ်၏ ပဉ္စမ Season တွင် ဒိုင်ယာနာအဖြစ် သရုပ်ဆောင်ခဲ့ရာ၌ စီးနင်းခဲ့သည်။

 

 

(ဒိုင်ယာနာ စီးခဲ့သောကား၏ ပုံတူဖြစ်သော Jaguar XJ-S Cabriolet ။ ဓာတ်ပုံ-Bonhams)

 

(ဤကားကို The Crown ရုပ်သံအစီအစဉ်၏ Season 5 တွင် အသုံးပြုခဲ့သည်။ ဓာတ်ပုံ-Netflix)

 

၂၀၂၃ ဒီဇင်ဘာ ၁၄ ရက်တွင် The Crown Season 6 ၏ နောက်ဆုံးအပိုင်းကို Netflix တွင် ထုတ်လွှင့်ပြသ ကာ အဆုံးသတ်သွားခဲ့ပြီး နောက်ပိုင်း ဤကားကို Netflix က လေလံတင်ရောင်းချရန် စီစဉ်လာခြင်း ဖြစ်သည်။

၁၉၈၇ ခုနှစ်ထုတ် Jaguar XJ-S Cabriolet မှာ ဒိုင်ယာနာ စီးခဲ့သည့် ကားအတိုင်း တထပ်တည်းဖြစ်ပြီး ဒိုင်ယာနာ စိတ်ကြိုက် Modify ပြုလုပ်ခဲ့မှုများ အပါအဝင် ဖြစ်သည်။

ယခုပုံတူကားနှင့် ဒိုင်ယာနာ စီးခဲ့သောကား ၂ ခုလုံးမှာ V12 အင်ဂျင်တပ်ဆင်ထားသည်။

ဤမော်ဒယ်မှာ ၂ ယောက်စီးအနေဖြင့်သာ ထုတ်လုပ်သော်လည်း ဒိုင်ယာနာ၏ ကားတွင်မူ သားတော်များ ဖြစ်သော ဝီလျံနှင့်ဟယ်ရီတို့ကို ခေါ်ဆောင်နိုင်ရန် နောက်ထပ် ခုံ ၂ လုံးပါသေးသည်။

ဒိုင်ယာနာက ချားလ်စ်မင်းသား (ယခုချားလ်စ်ဘုရင်) နှင့် လက်ထပ်ထားသည့် အလယ်ပိုင်းကာလများဖြစ်သော ၁၉၈၇ မှ ၁၉၉၁ ခုနှစ်အကြား အသုံးပြုခဲ့သည်။

ဒိုင်ယာနာ၏ ကားနှင့် ယခုပုံတူကားတို့ ကွဲပြားသည့် တစ်ခုတည်းသောအချက်မှာ ပုံတူကားမှာ မူလက အပြာရောင်ဖြစ်သည်။

နောက်ပိုင်းတွင် ဒိုင်ယာနာ၏ ကားနှင့်တူစေရန် ဆေးရောင် ပြောင်းလဲခဲ့ခြင်း ဖြစ်သည်။

Mieage မှာ ၈၃၀၂၉ မိုင်ရှိပြီး Bonhams လေလံအဖွဲ့က လေလံတင်ရောင်းချပေးမည်ဖြစ်ကာ ပေါင် ၂၀၀၀၀ အထက် ရရှိမည်ဟု ခန့်မှန်းထားသည်။

လေလံပွဲတွင် ဤကားနှင့်အတူ The Crown အစီအစဉ်မှ အမှတ်တရပစ္စည်းများလည်း ပါဝင်မည်ဖြစ်ရာ တော်ဝင် ရွှေရထားလုံးပုံတူ၊ နန်းတက်ပွဲ ပလ္လင်ပုံတူ၊ ဒိုင်ယာနာဝတ်ဆင်ခဲ့သော အနက်ရောင် ပွဲတက်ဝတ်စုံ ပုံတူတို့အပြင် The Crown တွင် ပါဝင်ခဲ့သော သရုပ်ဆောင်များ လက်မှတ်ရေးထိုးထားသည့် ဇာတ်ညွှန်းတို့ အပါအဝင် ဖြစ်သည်။

“အခုလေလံတင်မယ့်ကားက The Crown ရုပ်သံအစီအစဉ်မှာ ကွယ်လွန်သွားပြီဖြစ်တဲ့ ဝေလမင်းသမီး ဒိုင်ယာနာ စီးခဲ့တဲ့ကားအတိုင်း ထပ်တူပုံဖော်ထားတဲ့ Jaguar XJ-S Cabriolet ဖြစ်ပါတယ်”ဟု လေလံအဖွဲ့၏ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ်က ပြောသည်။

 

(လေလံပွဲတွင် ပေါင် ၂၀၀၀၀ ရရှိမည်ဟု မျှော်မှန်းထားသည်။ ဓာတ်ပုံ-Bonhams)

 

(ဒိုင်ယာနာသည် Jaguar ကို ၁၉၈၇ မှ ၁၉၉၁ ခုနှစ်အထိ စီးခဲ့သည်။ ဓာတ်ပုံ-News Group Newspaper Ltd)

 

(နောက်ဘက်မှ ထိုင်ခုံ ၂ လုံးမှာ သားတော်များဖြစ်သော ဝီလျံနှင့် ဟယ်ရီတို့ လိုက်ပါနိုင်ရန် ဒိုင်ယာနာ၏ တောင်းဆိုချက်အရ ထည့်သွင်းပေးထားခြင်းဖြစ်သည်။ ဓာတ်ပုံ-Bonhams)

 

(mileage မှာ ၈၃၀၀၀ ကျော်ရှိသည်။ ဓာတ်ပုံ- News Group Newspaper Ltd)

 

(The Crown ရုပ်သံအစီအစဉ်မှ အမှတ်တရပစ္စည်းများနှင့်အတူ လာမည့် ဖေဖော်ဝါရီလ ၇ ရက်တွင် ဤကားကို လေလံတင်ရောင်းချမည် ဖြစ်သည်။ ဓာတ်ပုံ-Bonhams)

 

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com


Ref:  Replica of Princess Diana’s Jaguar used in The Crown to sell for £20k – it has a key difference to the original  (thesun)