• Home
  • Car News
  • ကမ္ဘာ့အမြန်ဆုံး ကားများထဲတွင် ပါဝင်သော Bugatti Chiron Super Sport တစ်စင်းကို အမေရိကန်တွင် ကြမ်းခင်းဈေး ကန်ဒေါ်လာ ၅ ဒသမ ၄ သန်းဖြင့် လေလံတင်ရောင်းချမည်

ကမ္ဘာ့အမြန်ဆုံး ကားများထဲတွင် ပါဝင်သော Bugatti Chiron Super Sport တစ်စင်းကို အမေရိကန်တွင် ကြမ်းခင်းဈေး ကန်ဒေါ်လာ ၅ ဒသမ ၄ သန်းဖြင့် လေလံတင်ရောင်းချမည်

  • 111 views

 

ကမ္ဘာ့အမြန်ဆုံး ကားများတွင် ပါဝင်သော ရှားပါးကားတစ်စင်းကို ကြမ်းခင်းဈေး ပေါင် ၄ ဒသမ ၃ သန်း (ကန်ဒေါ်လာ ၅ ဒသမ ၄ သန်း) ဖြင့် လေလံတင်ရောင်းချရန် စီစဉ်နေသည်။

တပတ်ရစ် Bugatti Chiron Super Sport 300+ ကားကို အမေရိကန်အခြေစိုက် Bonhams လေလံအဖွဲ့က လေလံတင်ရောင်းချပေးမည် ဖြစ်သည်။

လာမည့် ဇန်နဝါရီလ ၂၅ ရက်တွင် အမေရိကန်ပြည် ၊ အရီဇိုးနားပြည်နယ် ၊ စကော့ဒေးလ်မြို့တွင် လေလံတင် ရောင်းချမည် ဖြစ်သည်။

အဆိုပါကားသည် အကန့်အသတ်ဖြင့်သာ ထုတ်လုပ်ထားသော ရှားပါးပြိုင်ကားတစ်စင်းဖြစ်ပြီး စုစုပေါင်း အစင်းရေ ၃၀ သာ ထုတ်လုပ်ထားသည်။

ဤကားသည် လွန်ခဲ့သော ၅ နှစ်က ဂျာမနီနိုင်ငံရှိ Ehra-Lessien ကားပြိုင်ကွင်းတွင် တစ်နာရီ မိုင် ၃၀၀ နှုန်းဖြင့် မောင်းနှင်နိုင်ခဲ့မှုအပေါ် ကားရူးသွပ်သူတို့က များစွာ အထင်ကြီးလျက် ရှိကြသည်။

တစ်နာရီလျှင် ၃၀၄ ဒသမ ၇၇ မိုင်နှုန်းမောင်းနှင်ကာ စံချိန်တင်နိုင်ခဲ့ခြင်း ဖြစ်သည်။

ထိုသို့ ကြီးမားသည့် အောင်မြင်မှု ရရှိခြင်း၏ အကြောင်းရင်းတွင် modify များစွာ ပြုလုပ်ခဲ့မှုများကြောင့် ဖြစ်သည်။

ကား၏ အောက်ပိုင်း ၊ အင်ဂျင်စနစ်များ ၊ အောက်ခြေအမြင့်နှင့် အတွင်းပိုင်းပြောင်းခြင်းတို့ အပါအဝင် ဖြစ်သည်။

16-cylinder, eight-litre အင်ဂျင်နှင့် four turbochargers တို့ ပါဝင်ကာ ၁၅၇၇ မြင်းကောင်ရေအား ထွက်သည်။

Bugatti ကုမ္ပဏီက ပြောသည်မှာ ဈေးကွက်တွင် ရောင်းချထားသော Bugatti Chiron Super Sport 300+တို့သည် ၃၀၀ mph အထိ မောင်းနှင်နိုင်စွမ်းရှိသော်လည်း ကုမ္ပဏီအနေဖြင့် အမြင့်ဆုံးမြန်နှုန်း ၂၇၃ mph အထိသာ လျှပ်စစ်ပိုင်းအရ ကန့်သတ်ထားကြောင်း ပြောသည်။

သို့တိုင်အောင် ဤကားသည် ကမ္ဘာ့အမြန်ဆုံး ကားများထဲတွင် ပါဝင်နေဆဲ ဖြစ်သည်။

ပြင်သစ်ကုမ္ပဏီ Bugatti က ရောင်းချခဲ့သော မူရင်းဈေးမှာ တစ်စင်းလျှင် ပေါင် ၃ သန်း ဖြစ်သည်။

Bonhams လေလံကုမ္ပဏီ၏ ပြောကြားချက်အရ ယခုကားကို ၂၅၅ မိုင်သာ မောင်းနှင်ရသေးကြောင်း ၊ ယင်းအနက် ၂၅၀ မိုင်မှာ ကားအား စမ်းသပ်မောင်းနှင်ခဲ့သော မိုင်များဖြစ်ကြောင်း ပြောသည်။

Bonhams က ယခုကားလေလံတင်ရာတွင် ကန်ဒေါ်လာ ၅ ဒသမ ၅သန်း (ပေါင် ၄ ဒသမ ၃ သန်း) ရရှိဖွယ် ရှိသည်ဟု ခန့်မှန်းထားသည်။

Bugatti Chiron Super Sport 300+ များကို ၂၀၂၂ ခုနှစ်တွင် အပြီးသတ်ထုတ်လုပ်ခဲ့ခြင်း ဖြစ်သည်။

လေလံကြော်ငြာတွင် ဖော်ပြချက်အရ အမေရိကန်တွင် ဤကားမျိုး ၇ စင်းသာ ရှိကြောင်း ၊ ထို ၇ စင်းအနက်မှ တစ်စင်းဖြစ်ကြောင်း ဖော်ပြထားသည်။

ကားတွင် ခြေရာခံစနစ်လည်း တပ်ဆင်ထားရာ သူခိုးရန်မှ ကာကွယ်ရန်အတွက် Bugatti အနေဖြင့် ကား၏ တည်နေရာကို အမြဲစောင့်ကြည့်နိုင်မည် ဖြစ်သည်။

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com

Ref:  World’s fastest road car up for auction at £4.3m  (telegraph)   

Photo Credit:  Bonhams/BNPS