• Home
  • Car News
  • BYD ၏ ပထမဆုံး ကားတင်ပင်လယ်ကူး သင်္ဘောကြီး မော်တော်ကားအပြည့် တင်ဆောင်ကာ ပင်လယ်ခရီး စတင်ထွက်ခွာ

BYD ၏ ပထမဆုံး ကားတင်ပင်လယ်ကူး သင်္ဘောကြီး မော်တော်ကားအပြည့် တင်ဆောင်ကာ ပင်လယ်ခရီး စတင်ထွက်ခွာ

  • 395 views


တရုတ်ထိပ်သီး EV ကား ကုမ္ပဏီကြီး BYD ၏ ပထမဆုံး ကားတင်ပင်လယ်ကူး သင်္ဘောကြီး မော်တော်ကားအပြည့် တင်ဆောင်ကာ ပင်လယ်ခရီး စတင်ထွက်ခွာပြီ ဖြစ်သည်။

ရှန်တုန်မြို့ရှိ Yantai ဆိပ်ကမ်းနှင့် ရှန်ကျန်းမြို့ရှိ Xiaomo ဆိပ်ကမ်းတို့တွင် မော်တော်ယာဉ်များ တင်ဆောင် ခဲ့ပြီးနောက် ပင်လယ်ခရီး စတင်ထွက်ခွာပြီ ဖြစ်ကြောင်း BYD က ဇန်နဝါရီ ၁၅ ရက်တွင် ကြေညာသည်။

သင်္ဘောကြီး၏  အမည်မှာ BYD Explorer No.1 ဖြစ်ပြီး BYD ၏ ပထမဆုံး ကားမောင်းတင် ၊ မောင်းဆင်း ကားတင် သင်္ဘောကြီး (Ro-Ro) ဖြစ်သည်။

အလျား ၁၉၉ ဒသမ ၉ မီတာရှိပြီး ကားအစင်းရေ ၇၀၀၀ တင်ဆောင်နိုင်သည်။

 

 

လာမည့် ၂ နှစ်အတွင်း နောက်ထပ် Ro- Ro သင်္ဘော ၇ စင်း ထပ်မံပိုင်ဆိုင်နိုင်မည်ဖြစ်ကာ BYD ၏ ဘက်ထရီ နည်းပညာနှင့် Shaft Generator စနစ်တို့ကို အသုံးပြုသွားမည်ဖြစ်ကြောင်း BYD က ပြောသည်။

BYD Explorer No.1 သင်္ဘောကြီးကို တရုတ်အစိုးရပိုင် China International Marine Containers (CIMC) ၏ ကုမ္ပဏီခွဲဖြစ်သော CIMC Raffles က တည်ဆောက်ပေးခဲ့ခြင်း ဖြစ်သည်။

အလျား ၁၉၉ ဒသမ ၉ မီတာ၊ ဗျက် ၃၈ မီတာနှင့် ရေစူး ၈ ဒသမ ၆ မီတာရှိကာ အမြန်နှုန်း ရေမိုင် ၁၉ မိုင် (၃၅ kmph) ရှိသည်။

 

 

ယခုလ အစောပိုင်းထုတ်ပြန်ချက်တစ်ရပ်အရ သင်္ဘောကြီးသည် Yantai ဆိပ်ကမ်းသို့ ဇန်နဝါရီလ ၉ ရက်တွင် ဆိုက်ကပ်ခဲ့ပြီး ကားတင်လျက်ရှိကြောင်း ၊ ရှန်ကျန်းမြို့ရှိ Xiaomo ဆိပ်ကမ်းတွင် ဆက်လက်ကားတင်မည် ဖြစ်ကာ ဥရောပသို့ ထွက်ခွာမည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။

BYD Explorer No.1 ပထမဆုံး ပင်လယ်ခရီး စတင်ထွက်ခွာသည့် အခမ်းအနားကို အထက်ဖော်ပြပါ ဆိပ်ကမ်း ၂ ခုတွင် ကျင်းပခဲ့သည်။

 

 

BYD က ပြည်ပဈေးကွက်သို့ ချဲ့ထွင်မှုတွင် ယခုသင်္ဘောခရီးစဉ်မှာ စာမျက်နှာသစ်တစ်ခုဖြစ်ကြောင်း ယင်းကုမ္ပဏီက ထုတ်ပြန်သည်။

ယခုသင်္ဘောကြီးသည် BYD ၏ လုပ်ငန်းဆောင်တာများအပြင် မိတ်ဖက်များအတွက်လည်း ဝန်ဆောင်မှု ပေးသွားမည်ဖြစ်ကြောင်း BYD က ထုတ်ပြန်ထားသည်။

 

 

BYD သည် ပြီးခဲ့သော ဒီဇင်ဘာလက စွမ်းအင်သစ်သုံးယာဉ် (NEV) ၃၄၁,၀၄၃ စင်း ရောင်းချခဲ့ရပြီး ၂၀၂၃ တစ်နှစ်လုံး ရောင်းချရမှုမှာ ၃,၀၂၄,၄၁၇ စင်း ဖြစ်သည်။

BYD သည် ပြီးခဲ့သော ဒီဇင်ဘာလအတွင်း ပြည်ပ၌ ကားအစင်းရေ ၃၆,၀၉၅ ရောင်းချခဲ့ရသည်။

၂၀၂၃ ခုနှစ် တစ်နှစ်တာလုံး ပြည်ပတွင် ရောင်းချရမှုမှာ အစင်းရေ ၂၄၂,၇၆၅ ဖြစ်ကာ ၂၀၂၂ ခုနှစ်ကထက် ရောင်းအား ၅ ဆခန့်မြင့်တက်လာခြင်း ဖြစ်သည်။

 

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com

Ref: BYD's 1st car carrier sets sail fully loaded, 7 more to join fleet in next 2 years (cnevpost) 

 Photo Credit:  (BYD)