- Home
- Car News
- အော်လီဟောမန်းဆိုသူနှင့် သားဖြစ်သူက Geo Metro ကားကို ဆီတစ်ဂါလံလျှင် မိုင် ၁၀၀ မောင်းနိုင်စေရန် လွန်ခဲ့သော နှစ် ၁၀၀ နီးပါးက နည်းပညာဖြင့် ကိုယ်တိုင် Modify ပြုလုပ်နိုင်ခဲ့
အော်လီဟောမန်းဆိုသူနှင့် သားဖြစ်သူက Geo Metro ကားကို ဆီတစ်ဂါလံလျှင် မိုင် ၁၀၀ မောင်းနိုင်စေရန် လွန်ခဲ့သော နှစ် ၁၀၀ နီးပါးက နည်းပညာဖြင့် ကိုယ်တိုင် Modify ပြုလုပ်နိုင်ခဲ့
- 386 views
Mad Max ရုပ်ရှင်ဇာတ်လမ်းတွဲအတွင်းမှ ကားအသွင်ရှိသော Geo Metro တစ်စင်းမှာ နောက်ဆုံးပေါ် EV များ နှင့် Hybrid များထက်ပင် လောင်စာဆီ (သို့မဟုတ်) စွမ်းအင်သုံးစွဲရမှု နည်းပါးနေဟန်ရှိသည်။
အော်လီဟောမန်းဆိုသူနှင့် သူ၏သားဖြစ်သူတို့သည် ၁၉၉၀ ပြည့်လွန်ကာလများက ကားတစ်စင်းကို တစ်ဂါလံလျှင် မိုင် ၁၀၀ ကျော်မောင်းနိုင်ရန် modify ပြုလုပ်ခဲ့ကြသည်။
သို့သော် ဟောမန်းတို့ သားအဖသည် အဆင့်မြင့်နည်းပညာများသုံးကာ modify လုပ်ခဲ့ခြင်းမဟုတ်ဘဲ လွန်ခဲ့သော နှစ်ပေါင်း ၁၀၀ နီးပါးက နည်းပညာကိုသုံးခဲ့ခြင်းမှာ ထူးခြားချက်ပင်။
အော်လီဟောမန်းသည် ဆော့ဖ်ဝဲအင်ဂျင်နီယာအဖြစ် အသက်မွေးသော်လည်း Mechanical Engineering ဖြင့် မဟာဘွဲ့ရထားသူ ဖြစ်သည်။
ဟောမန်းသည် ဆယ်ကျော်သက်အရွယ်ကတည်းက သူငယ်ချင်းများအတွက် မော်တော်ဆိုင်ကယ် ပြုပြင်ခြင်း များ ပြုလုပ်ပေးခဲ့သူဖြစ်ပြီး ယခုအခါ သူ၏ပညာများကို အသက ၁၇ နှစ်အရွယ် သားဖြစ်သူ မက်စ်အား လက်ဆင့်ကမ်း အမွေပေးလျက်ရှိသည်။
ဟောမန်းတို့ အိမ်ဝန်းထဲတွင် ရှည်လျားသော ယာဉ်မောင်းလမ်းတစ်ခုပါဝင်ပြီး Vintage ကားများ အပြည့်ရှိနေသည်။
(ဓာတ်ပုံ-Charlie Neuman/The San Diego Union Tribune)
မွန်းလွဲပိုင်းသို့ ရောက်ပြီဆိုလျှင် ဟောမန်းတို့သားအဖ ကားနှိုက်နေကြပြီဖြစ်ပြီး ၎င်းတို့၏ ကားများကို modify အမျိုးမျိုးပြုလုပ်ကြသည်။
၎င်းတို့သားအဖ၏ အထင်ကြီးဖွယ်အကောင်းဆုံး စွမ်းဆောင်မှုမှာ ၁၉၉၃ ခုနှစ်ထုတ် Geo Metro ကားဖြစ်သည်။
ဟောမန်းတို့ သားအဖသည် Geo Metro ကို လွန်ခဲ့သော ၃ နှစ်က ဝယ်ယူခဲ့ပြီးနောက်ပိုင်း ဆီတစ်ဂါလံလျှင် မောင်းနိုင်မည့်မိုင်နှုန်း (MPG) ကို မြှင့်တင်ရန် ကြိုးစားခဲ့သည်။
Geo Metro ကားကိုယ်တိုင်သည်ပင်လျှင် ဆီစားသက်သာသော ကားဖြစ်ပြီး ယခုမော်ဒယ်မှာ 32 MPG မှ 44 MPG အကြား ရှိသည်။
သို့သော် ဟောမန်းတို့ သားအဖက MPG နှုန်း ယခုထက် ပိုကောင်းလိုသည်။
၎င်းတို့ သားအဖက သံပြား၊ ပလတ်စတစ်ချောင်းတို့ကို သုံးကာ ၁၉၃၀ ပြည့်လွန်ကာလများက နည်းပညာဖြင့် MPG နှုန်း များစွာတက်လာစေရန် အောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့ကြသည်။
ဂျာမန် အင်ဂျင်နီယာတစ်ဦးဖြစ်သော Wunibald Kamm က Kammback (သို့မဟုတ်) Kamm tail (သို့မဟုတ်) K-tail ဟုခေါ်သော သဘောတရားတစ်ခုကို ဖော်ထုတ်ခဲ့သူ ဖြစ်သည်။
(မှတ်ချက်။ K-tail သည် ကားဒီဇိုင်း သွင်ပြင်တစ်မျိုးဖြစ်ပြီး ကားနောက်ဘက်မှာ အောက်ပိုင်းဆီသို့ လျှောဆင်း သွားပြီး နောက်ပိုင်းတွင် ဒေါင်လိုက်ဖြတ်ထားလိုက်သည့်ပုံစံမျိုးဖြစ်သည်။ K-tail ဒီဇိုင်းသည် aerodynamic ဆွဲအားကို လျှော့ချပေးရာ စွမ်းအင်ထိရောက်မှု ပိုမိုကောင်းမွန်စေပြီး ဆီစားနှုန်း လျှော့ချပေးခြင်း ဖြစ်သည်)
လေထုဆွဲအားကို လျှော့ချရန်အတွက် ပုံမှန်နောက်ပိုင်း အလျားကို လျှော့ချထားသည်။
ဟောမန်းတို့သားအဖက ကားနောက်ပိုင်းကို သံပြားဖြင့် ကပ်ကာ မျက်ရည်စက်ပုံသဏ္ဍာန်ဖြစ်လာစေရန် ပုံဖော်ခဲ့ကြသည်။
(ဓာတ်ပုံ-Charlie Neuman/ The San Diego Union Tribune)
ယင်းနောက် ထားရှိသည့် ထောင့်ချိုးမှန်ကန်ခြင်း ရှိ၊ မရှိ အကြိမ်ကြိမ် စမ်းသပ်ခဲ့ကြသည်။
ယခုအခါ ၎င်းတို့၏ Geo Metro မှာ ဆီတစ်ဂါလံလျှင် ၁၀၆ မိုင်နှုန်း မောင်းနှင်နိုင်နေပြီ ဖြစ်သည်။
နှိုင်းယှဉ်ချက်အားဖြင့်ကြည့်လျှင် လောင်စာဆီ ထိရောက်မှုကောင်းသော Toyota Prius ၏ ဆီစားနှုန်းမှာ 57 MPG ဖြစ်သည်။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref: Father and son modified their car to get more than 100 miles to the gallon (supercarblondie)