• Home
  • Car News
  • ပြီးခဲ့တဲ့နှစ်က အမြန်လမ်းမှာ ယာဉ်တိုက်မှု (၁၆၀)ကျော် ဖြစ်ပွားခဲ့ပြီး (၈၅)ဦးသေဆုံး

ပြီးခဲ့တဲ့နှစ်က အမြန်လမ်းမှာ ယာဉ်တိုက်မှု (၁၆၀)ကျော် ဖြစ်ပွားခဲ့ပြီး (၈၅)ဦးသေဆုံး

  • 140 views

ပြီးခဲ့တဲ့(၂၀၂၃)ခုနှစ် ဇန်နဝါရီလကနေ ဒီဇင်ဘာလကုန်အထိ ရန်ကုန်-မန္တလေးအမြန်လမ်းမှာ ယာဉ်တိုက်မှု (၁၆၃)မှုဖြစ်ပွားခဲ့ပြီး သေဆုံးသူ (၈၅)ဦးရှိခဲ့တယ်လို့ အမျိုးသားယာဉ်အန္တရာယ်လမ်းအန္တရာယ်ကင်းရှင်းရေး ကောင်စီရဲ့ လစဉ်ယာဉ်တိုက်မှုအခြေပြဇယားအရ သိရပါတယ်။ (၂၀၂၃)ခုနှစ်တစ်နှစ်လုံး အမြန်လမ်းရဲ့ ယာဉ်တိုက်မှုဖြစ်ပွားတဲ့နှုန်းဟာ အရင်(၂၀၂၂)ခုနှစ်ထက်လျော့နည်း သေဆုံးသူ အရေအတွက်နဲ့ ထိခိုက်ဒဏ်ရာရရှိသူဦးရေတွေကတော့ တိုးလာပါတယ်။

(၂၀၂၃)ခုနှစ်မှာယာဉ်တိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူ (၃၂၀)ကျော်ရှိခဲ့ပြီး အရင်(၂၀၂၂)ခုနှစ်ထက် ထိခိုက်ဒဏ်ရာရရှိသူ လူ(၁၀၀)ကျော်တိုးလာပါတယ်။ ဒါ့ပြင် သေဆုံးသူဦးရေဟာလည်း (၂၀၂၂)ခုနှစ် တစ်နှစ်လုံးမှာ (၇၄)ဦးသာ သေဆုံးခဲ့ပြီး (၂၀၂၃)ခုနှစ်မှာတော့ (၈၅)ဦးသေဆုံးခဲ့တဲ့အတွက် သေဆုံးသူ (၁၁)ဦးအထိ တိုးလာတယ်လို့ အမျိုးသားယာဉ်အန္တရာယ်လမ်းအန္တရာယ်ကင်းရှင်းရေး ကောင်စီရဲ့ လစဉ်ယာဉ်တိုက်မှုအခြေပြဇယားအရ သိရပါတယ်။

မြန်မာနိုင်ငံ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ရန်ကုန်တိုင်းဒေသကြီးနဲ့ ရှမ်းပြည်နယ်ဟာ ပြီးခဲ့တဲ့ (၂၀၂၃) ခုနှစ် အတွင်း ယာဉ်တိုက်မှုကြောင့် သေဆုံးသူဦးရေဟာ (၂၀၂၂)ခုနှစ်ထက် ပိုများခဲ့ပြီး အခြားပြည်နယ်နဲ့ တိုင်းဒေသကြီးတွေမှာတော့ သေဆုံးသူဦးရေ လျော့နည်းခဲ့တယ်လို့လည်း ဇယားမှာဖော်ပြထားပါတယ်။ အမျိုးသားယာဉ်အန္တရာယ်လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီအနေနဲ့ မြန်မာနိုင်ငံအတွင်းမှာ ယာဉ်မတော်တဆမှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူဦးရေနဲ့ သေဆုံးသူဦးရေလျော့နည်း အောင်စီမံချက်ချပြီး လုပ်ဆောင်နေပါတယ်။ ယာဉ်တိုက်မှုကြောင့် လူသေဆုံးဖြစ်စဉ် (၉၀)ရာခိုင်နှုန်းကျော်ဟာ လူပယောဂကြောင့်ဖြစ်တယ်လို့ အမျိုးသားယာဉ်အန္တရာယ်လမ်းအန္တရာယ်ကင်းရှင်းရေး ကောင်စီက ပြောဆိုထားပါတယ်။

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com