• Home
  • Car News
  • လယ်ယာထွက်ကုန်တင်ပို့ခြင်းမှ ရရှိလာတဲ့ ပို့ကုန်ဝင်ငွေ (၇၀) ရာခိုင်နှုန်းကို စက်သုံးဆီတင်သွင်းရန် လုပ်ငန်းရှင်များနှင့် နိုင်ငံခြားငွေလဲနှုန်း ညှိနှိုင်းနေဟုဆို

လယ်ယာထွက်ကုန်တင်ပို့ခြင်းမှ ရရှိလာတဲ့ ပို့ကုန်ဝင်ငွေ (၇၀) ရာခိုင်နှုန်းကို စက်သုံးဆီတင်သွင်းရန် လုပ်ငန်းရှင်များနှင့် နိုင်ငံခြားငွေလဲနှုန်း ညှိနှိုင်းနေဟုဆို

  • 98 views

 

လယ်ယာထွက်ကုန်တွေဖြစ်တဲ့ ဆန်၊ဆန်ကွဲ၊ပဲ၊ပြောင်းတင်ပို့မှုကနေရရှိလာတဲ့ ပို့ကုန်ဝင်ငွေ (၇၀) ရာခိုင်နှုန်းကို စက်သုံးဆီတင်သွင်းဖို့ ပို့ကုန်လုပ်ငန်းရှင်တွေနဲ့ နိုင်ငံခြားငွေလဲနှုန်း သတ်မှတ်ရေးကိစ္စရပ်တွေကို ဆွေးနွေးနေတယ်လို့ သွင်းကုန်လုပ်ငန်းရှင်တွေက ပြောပါတယ်။

ကုန်သည်/စက်မှုအသင်းချုပ် (UMFCCI) အနေနဲ့ ပို့ကုန်ဝင်ငွေ (၇၀) ရာခိုင်နှုန်းကို ဒီဇယ်၊ ပရီမီယံဒီဇယ် တင်သွင်းဖို့အတွက် ပြည်ပကိုပေးချေဖို့ ပို့ကုန်လုပ်ငန်း လုပ်ဆောင်နေတဲ့ ကုမ္ပဏီတွေရဲ့ နိုင်ငံခြားငွေစာရင်းမှာ ထည့်သွင်းပေးထားမှာဖြစ်တယ်လို့ ပြီးခဲ့တဲ့ဒီဇင်ဘာလကတည်းက အသိပေးကြေညာထားပြီးဖြစ်ကြောင်းသိရပါတယ်။

အဲဒီထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး ပို့ကုန်/သွင်းကုန်လုပ်ငန်းရှင်တွေနဲ့ AD လိုင်စင်ရ ဘဏ်တွေအကြား ညှိနှိုင်းမှု တွေ လုပ်ဆောင်နေပြီး နိုင်ငံခြားငွေဈေး ဘယ်လောက်နဲ့ ဈေးသတ်မှတ်ထားမလဲဆိုတာကို ညှိနှိုင်းနေကြတာဖြစ်တယ်လို့ သွင်းကုန်လုပ်ငန်းရှင်တွေက ဆိုပါတယ်။ ဗဟိုဘဏ်ကလည်း စက်သုံးဆီတင်သွင်းတဲ့ လုပ်ငန်းရှင်တွေ အတွက် အမေရိကန်ဒေါ်လာ (၅၁) သန်းကျော်ကို ရောင်းချပေးထားပြီးဖြစ်ပါတယ်။

ဈေးကွက်ထဲမှာ နိုင်ငံခြားငွေလဲနှုန်းက အခုရက်ပိုင်းအတွင်း ဈေးအတက်အကျ အပြောင်းအလဲကြီးကြီးမားမား မရှိဘဲ အမေရိကန် (၁) ဒေါ်လာကို မြန်မာငွေ (၃၆၀၀) ကျပ်ဝန်းကျင်မှာ ပေါက်ဈေးရှိနေတယ်လို့ သိရပါတယ်။

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com