• Home
  • Car News
  • Xiaomi ထုတ် ပထမဆုံးမော်တော်ကား SU7 လျှပ်စစ်ဆီဒင်ကား Xiaomi ဆိုင်များတွင် ပြသထားပြီ

Xiaomi ထုတ် ပထမဆုံးမော်တော်ကား SU7 လျှပ်စစ်ဆီဒင်ကား Xiaomi ဆိုင်များတွင် ပြသထားပြီ

  • 283 views


Xiaomi SU7 လျှပ်စစ်ဆီဒင်ကားများကို တရုတ်ပြည်ရှိဆိုင်များတွင် ရရှိနိုင်ပြီ ဖြစ်သည်။

အဆိုပါ EV ကို ဒီဇင်ဘာလ ၂၈ ရက်က သတင်းစာရှင်းလင်းပွဲတွင် မိတ်ဆက်ခဲ့ပြီးနောက် တစ်ရက်အတွင်း ဆိုင်များသို့ ရောက်ရှိလာခြင်းဖြစ်သည်။

Xiaomi SU7 တွင် 495 kW လျှပ်စစ်မော်တာနှင့် 101 kWh CATL Qilin ဘက်ထရီတပ်ဆင်ထားပြီး ၈၀၀ ကီလိုမီတာ မောင်းနှင်နိုင်မည် ဖြစ်သည်။

၂၀၂၄ ခုနှစ် ပထမနှစ်ဝက်တွင် အလုံးအရင်း ထုတ်လုပ်မှုများ စတင်မည်ဖြစ်ပြီး လအနည်းငယ်အတွင်း ဖြန့်ချိမှုများ စတင်လိမ့်မည်ဖြစ်ကြောင်း ကုမ္ပဏီ၏ စီအီးအို Lei Jun က ပြောသည်။

 

 

 

Xiaomi SU7 Display ကားများကို ပထမဆုံး တွေ့ရှိရသည်မှာ ပေကျင်းမြို့ Shangdi အရပ်ရှိ Xiaomi သိပ္ပံနှင့် နည်းပညာ ဥယျာဉ်ရှိ ရုံးချုပ်ဆိုင်တွင် တွေ့ရှိရခြင်း ဖြစ်သည်။

နောက်ပိုင်းတွင် တရုတ်နိုင်ငံတစ်ဝန်းရှိ Xiaomi ဆိုင်များအားလုံးတွင် ပြသမည်ဖြစ်ကြောင်း ကုမ္ပဏီက ထုတ်ပြန်သည်။

ရှန်ဟိုင်းမြို့ Xujiahui အရပ်ရှိ Xiaomi ဆိုင်မှ အရောင်းသမားတစ်ဦးက Autohome သတင်းဌာနသို့ ပြောသည်မှာ ၂၀၂၄ ခုနှစ် ပထမ ၃ လပတ်အတွင်း Display Car များ စတင်ရောက်ရှိလာမည်ဖြစ်ကြောင်း ပြောသည်။

 

ပေကျင်းမြို့ရှိ အရောင်းဆိုင်ဝန်ထမ်းကပြောသည်မှာ Xiaomi ၏ ဆိုင်များစွာမှာ သေးငယ်လွန်းပြီး ဈေးဝယ်စင်တာ၏ ပထမထပ်များတွင် တည်ရှိရာ ကားများပြသရန် စိန်ခေါ်မှုရှိကြောင်း ပြောသည်။

ကုမ္ပဏီ၏ ထုတ်ကုန်သစ်ကို ပြသနိုင်ရန် Xiaomi အနေဖြင့် ဆိုင်ပေါင်းများစွာကို ပြောင်းလဲမှုများ ပြုလုပ်ရန် လိုအပ်မည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

တရုတ်ပြည်တောင်ပိုင်း ပိုရှန်းမြို့မှ အရောင်းဝန်ထမ်းက ပြောသည်မှာ Xiaomi ရုံးချုပ်မှ အမှုဆောင်များက Xiaomi ဆိုင်များသို့ လှည့်လည်ကြည့်ရှုနေပြီး ကားပြသနိုင်မည့် ဆိုင်နေရာ ရွေးချယ်နေကြောင်း Autohome သို့ ပြောသည်။

Xiaomi SU7 ကို အရောင်သုံးမျိုးဖြင့် ရရှိနိုင်မည်ဖြစ်ရာ Aqua Blue , Mineral Gray  နှင့် Verdant Green တို့ ဖြစ်သည်။

 

ထို့အပြင် Xiaomi က ရှိရင်းစွဲ MIUI Operation System နေရာတွင် အစားထိုးမည့် HyperOS ကို ထုတ်လုပ် ထားပြီး ကားများနှင့် Mi Home gadget များမှသည် စမတ်ဖုန်းများအထိ Xiaomi device များအားလုံးကို စုစည်းလည်ပတ်ထိန်းချုပ်နိုင်မည် ဖြစ်သည်။

ထို့ကြောင့် သင်၏ စမတ်ဖုန်းမှာ ကားနှင့်ကောင်းစွာ ဆက်သွယ်ချိတ်ဆက်နိုင်မည် ဖြစ်သည်။

 

ဥပမာအားဖြင့် ဖုန်း Screen ကို ကားအတွင်းရှိ Screen ထံ Mirror အဖြစ် ပို့ဆောင်နိုင်မည် ဖြစ်သည်။

Xiaomi SU7 သည် Apple ထုတ်ကုန်များနှင့်လည်း ကောင်းစွာ ချိတ်ဆက်နိုင်မည်ဖြစ်ကြောင်း Lei Jun က အတည်ပြုပြောဆိုသည်။

 

 

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com

Ref:  Xiaomi SU7 arrives at stores in China a day after launch  (carnewschina)