- Home
- Car News
- Tesla က တရုတ်ပြည်တွင် ထုတ်လုပ်ခဲ့သော EV ရောင်းအား ဒီဇင်ဘာလအတွင်း ၆၈ ဒသမ ၇ ရာခိုင်နှုန်း မြင့်တက်ခဲ့
Tesla က တရုတ်ပြည်တွင် ထုတ်လုပ်ခဲ့သော EV ရောင်းအား ဒီဇင်ဘာလအတွင်း ၆၈ ဒသမ ၇ ရာခိုင်နှုန်း မြင့်တက်ခဲ့
- 235 views
အမေရိကန် ကားထုတ်လုပ်သူ Tesla သည် ဒီဇင်ဘာလအတွင်း တရုတ်ပြည်တွင် ထုတ်လုပ်ခဲ့သော လျှပ်စစ်ကား အစင်းရေ ၉၈,၁၃၉ ရောင်းချခဲ့ရကြောင်း CNA သတင်းတစ်ရပ်တွင် ဖော်ပြသည်။
ထိုပမာဏမှာ ယခင်နှစ် အလားတူကာလနှင့် နှိုင်းယှဉ်လျှင် ၆၈ ဒသမ ၇ ရာခိုင်နှုန်း မြင့်တက်လာခြင်း ဖြစ်ကြောင်း China Passenger Car Association (CPCA) က ဇန်နဝါရီလ ၃ ရက်တွင် ထုတ်ပြန်သော အချက်အလက်များတွင် ဖော်ပြသည်။
တရုတ်ပြည်တွင် ထုတ်လုပ်ခဲ့သော Model 3 နှင့် Model Y များ ဖြန့်ချိမှုမှာ နိုဝင်ဘာလထက် ၁၄ ဒသမ ၂ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။
တရုတ်ပြည်တွင်း ပြိုင်ဘက်ဖြစ်သော BYD ထုတ် Dynasty နှင့် Ocean လျှပ်စစ်ကားများ ၊ ဓာတ်ဆီ- လျှပ်စစ် Hybrid ကားများ ဖြန့်ချိမှုပမာဏမှာ ဒီဇင်ဘာလအတွင်း အစင်းရေ ၃၄၁၀၄၃ ရှိခဲ့သည်။
ထိုပမာဏမှာ နိုဝင်ဘာလထက် ၁၃ ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး ယခင်နှစ်အလားတူကာလနှင့် နှိုင်းယှဉ်လျှင် ၄၅ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။
BYD သည် ၂၀၂၃ ခုနှစ် စတုတ္ထ ၃ လပတ်အတွင်း စွမ်းအင်သစ် မော်တော်ကား ၉၄၄၇၇၉ ရောင်းချခဲ့ကြရာ စံချိန်တင်သော ၃ လပတ် ဖြစ်ခဲ့သည်။
ထိုပမာဏအနက် ၅၂၆၄၀၉ စင်းမှာ လျှပ်စစ်ကားများဖြစ်သည်။
Tesla ၏ တရုတ်ပြည်တွင် ထုတ်လုပ်သော ကားပမာဏမှာ ၂၀၂၃ ခုနှစ် တစ်နှစ်လုံးအတွက် အစင်းရေ ၉၄၇၇၄၂ ထုတ်လုပ်ခဲ့သည်။
ထိုပမာဏမှာ Tesla ၏ တစ်ကမ္ဘာလုံးရှိ စက်ရုံများတွင် ထုတ်လုပ်ခဲ့သော ပမာဏ၏ ၅၂ ဒသမ ၄ ရာခိုင်နှုန်း ရှိသည်။
Tesla ရှိ ရှန်ဟိုင်းမြို့ရှိ စက်ရုံမှာ တစ်ကမ္ဘာလုံးတွင် အကြီးမားဆုံးဖြစ်ပြီး တစ်နှစ်လျှင် Model 3 နှင့် Model Y အစင်းရေ ၁ ဒသမ ၁ သန်း ထုတ်လုပ်နိုင်စွမ်းရှိသည်။
အဆိုပါ စက်ရုံမှ ထုတ်လုပ်သောကားများကို တရုတ်ပြည်တွင်းအပြင် နယူးဇီလန် ၊ သြစတေးလျနှင့် ဥရောပ တို့သို့ ဖြန့်ချိသည်။
တစ်ကမ္ဘာလုံး အတိုင်းအတာအားဖြင့် Tesla သည် ၂၀၂၃ စတုတ္ထ ၃ လပတ်တွင် အစင်းရေ ၄၈၄၅၀၇ ထုတ်လုပ်ခဲ့သည်။
သို့သော် ဒီဇင်ဘာလအတွင်း BYD က ကမ္ဘာ့ထိပ်တန်း ကားထုတ်လုပ်သူအဖြစ် ဖြတ်ကျော်သွားခဲ့သည်။
Tesla သည် ကမ္ဘာ့အကြီးမားဆုံး ကားဈေးကွက်ဖြစ်သော တရုတ်ပြည်တွင် ပြင်းထန်သော ယှဉ်ပြိုင်မှုများနှင့် ရင်ဆိုင်ရလျက်ရှိနေသည်။
တရုတ်ပြည်အတွင်း ပြင်းထန်သော ဈေးနှုန်းစစ်ပွဲ ဆင်နွှဲနေရသည့်အပြင် EV ဝယ်လိုအားလည်း နှေးကွေးလာနေသည်။
ပြီးခဲ့သောနှစ်အတွင်း တရုတ်ပြည်သည် EV အမှတ်တံဆိပ် ၄၀ ကျော် ကြီးထွားလာခဲ့ပြီး ထိုကာလမျိုးတွင် Tesla က ဈေးနှုန်းစစ်ပွဲ ဆင်နွှဲခဲ့ရာ ကားလောက၏ အမြတ်အစွန်းရနိုင်ချေအပေါ် ထိုးနှက်ချက်ဖြစ်လာခဲ့သည်။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref: Tesla's China-made EV sales jump 68.7% on-year in December (channelnewsasia)