• Home
  • Car News
  • ရန်ကုန်မှာပြေးဆွဲနေသည့် YBS ယာဉ်အားလုံး ယာဉ်စီးခပေးချေသည့် QR Code စက်တင်ဆင်ရမည်

ရန်ကုန်မှာပြေးဆွဲနေသည့် YBS ယာဉ်အားလုံး ယာဉ်စီးခပေးချေသည့် QR Code စက်တင်ဆင်ရမည်

  • 82 views

 

ရန်ကုန်မြို့မှာပြေးဆွဲနေတဲ့ YBS ယာဉ်အားလုံးမှာ ယာဉ်စီးခ‌ ပေးချေတဲ့ QR Code စက်တပ်ဆင်ရမှာ ဖြစ်တယ်လို့ ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ  (YRTC) ကနေသိရပါတယ်။

အခုလက်ရှိ ယာဉ်လိုင်းတွေမှာအသုံးပြုနေတဲ့ ကဒ်စနစ်ဟာအဆင်မပြေမှုတွေရှိနေတယ်လို့ ခရီးသွားပြည်သူတွေ ရဲ့ပြောဆိုချက်တွေရှိနေတဲ့အတွက် အခုလ ဇန်နဝါရီလကနေစပြီး YBS ယာဉ်အားလုံးမှာ ယာဉ်စီးပေးချေတဲ့ QR Code စက်တပ်ဆင်ရမှာဖြစ်တယ်လို့ ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC) ရဲ့ ဒုတိယဥက္ကဌ ဦးချစ်ကိုကိုကပြောပါတယ်။

YBS ယာဉ်အားလုံးမှာ QR Code စက်တပ်ဆင်တဲ့စနစ်ကို လွန်ခဲ့တဲ့ နှစ်နှစ်ကတည်းကလုပ်ဆောင်နေတာဖြစ်ပြီး အခုကနဦးအနေနဲ့  ရန်ကုန်မြို့တွင်းမှာပြေးဆွဲနေတဲ့ YBS ယာဉ်တွေမှာတပ်ဆင်သွားမှာဖြစ်ပြီး နောက်ပိုင်းမှာ ရန်ကုန်မြို့ပြင်ပကိုပြေးဆွဲနေတဲ့ YBS ယာဉ်လိုင်းတွေမှာလည်းတပ်ဆင်သွားမှာဖြစ်တယ်လို့လည်း ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC) ကနေသိရပါတယ်။

အခုလက်ရှိမှာတော့ QR Code စနစ်နဲ့ယာဉ်စီးခကောက်ခံတာကို ဗန္ဓူလယာဉ်လိုင်းနှစ်လိုင်းမှာစမ်းသပ်ဆောင်ရွက်နေပြီး QR Code ယာဉ်စီးခပေးချေပုံစနစ်ကို တက္ကသိုလ်ကျောင်းတွေနဲ့ဝန်ထမ်းတွေအများဆုံးရှိတဲ့နေရာ တွေမှာအခမဲ့ပြုလုပ်ပေးသွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။ QR Code ယာဉ်စီးခပေးချေဖို့အတွက် မှတ်ပုံတင်ရှိနဲ့စာရင်းသွင်းရမှာဖြစ်တယ်လို့လည်း သိရပါတယ်။

QR Code စနစ်ငွေပေးချေတဲ့နေရာမှာ လက်မခံတဲ့ YBS ယာဉ်မောင်းတွေကိုယာဉ်လိုင်းကနေ ရာသက်ပန် ထုတ်ပယ်တဲ့အထိ အရေးယူမှုတွေလုပ်ဆောင်သွားမှာဖြစ်တယ်လို့ ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC) ကနေ သိရပါတယ်။

 

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com