• Home
  • Car News
  • BYD က အရောင်းသတ်မှတ်ချက် ပြည့်မှီသော လက်လီကားရောင်းသူများကို ယွမ်ငွေ ၂ ဘီလီယံ ဘောနပ်စ် ပေးမည်

BYD က အရောင်းသတ်မှတ်ချက် ပြည့်မှီသော လက်လီကားရောင်းသူများကို ယွမ်ငွေ ၂ ဘီလီယံ ဘောနပ်စ် ပေးမည်

  • 254 views

BYD သည် ၂၀၂၃ ခုနှစ် စတုတ္ထ ၃ လပတ်တွင် တစ်ကမ္ဘာလုံး EV ရောင်းအား၌ Tesla ကို ဖြတ်ကျော်ခဲ့သည်။

ယခုအခါ BYD က တရုတ်ပြည်မှ ကားလက်လီရောင်းချသူတို့အား ဆုကြေးငွေအဖြစ် စုစုပေါင်း ဘီလျံနှင့် ချီသော ယွမ်ငွေများ ထုတ်ပေးရန် စီစဉ်နေကြောင်း ထိုအကြောင်းရပ်ကို သိရှိထားသည့် ကားရောင်းချသူ ၂ ဦးက ပြောသည်ဟု CNA သတင်းတစ်ရပ်တွင် ဖော်ပြသည်။

ထိုသူတို့၏ ပြောကြားချက်အရ ၂၀၂၃ ခုနှစ်အတွင်း အရောင်းသတ်မှတ်ချက် ပြည့်မီခဲ့သော ကားရောင်းချသူ များကို ကားတစ်စင်းလျှင် ၆၆၆ ယွမ် (ကန်ဒေါ်လာ ၉၃ ဒသမ ၁၇ ) ဆုငွေပေးမည်ဟု ဆိုသည်။

တရုတ်ပြည်တွင် ၆၆၆ ဟူသော ဂဏန်းမှာ မင်္ဂလာရှိကာ အတိတ်နိမိတ်ကောင်းသော ဂဏန်းအဖြစ် ယုံကြည် ထားကြသည်။
ထိုဂဏန်း၏ အဓိပ္ပာယ်မှာ အံ့မခန်းဖွယ်ရှိခြင်း ၊ အလွန်ကောင်းခြင်းဟူသော အဓိပ္ပာယ်များရှိသည်။

BYD က စုစုပေါင်းအားဖြင့် ဆုငွေ ယွမ် ၂ ဘီလီယံကျော် ထုတ်ပေးရန် စီစဉ်ထားသည်။

BYD သည် ၂၀၂၃ ခုနှစ်အတွင်း လျှပ်စစ်နှင့် လျှပ်စစ် Hybrid ကား အစင်းရေ ၃ သန်းကျော် ရောင်းချခဲ့ရသည်။

BYD က ယခုကဲ့သို့ အပိုဆုငွေပေးမည့် အစီအစဉ်ကို တရုတ်သတင်းဌာနတစ်ခုဖြစ်သော Yicai က ပထမဆုံး ဖော်ပြခဲ့ခြင်း ဖြစ်သည်။

အဆိုပါ သတင်းနှင့် စပ်လျဉ်းပြီး BYD သို့ ရိုက်တာသတင်းဌာနက ဆက်သွယ်မေးမြန်းရာတွင်မူ မှတ်ချက် တစ်စုံတစ်ရာ မပေးခဲ့ချေ။

BYD သည် တရုတ်ပြည်ရှိ ကားရောင်းချသူများမှတဆင့် ၎င်း၏ အရောင်းကွန်ရက်ကို လျှင်မြန်စွာ ချဲ့ထွင်လျက် ရှိရာ အထူးသဖြင့် ဒုတိယတန်းစား တရုတ်မြို့များတွင် ဖြစ်သည်။

BYD ၏ Dynasty  နှင့် Ocean စီးရီး မော်တော်ကားများကို ရောင်းချနေသောဆိုင်ပေါင်း ၃၄၀၀ ကျော်ရှိရာ တရုတ်ပြည်တွင်းရှိ ကားအမှတ်တံဆိပ်များအားလုံးတွင် အများပြားဆုံးဖြစ်ကြောင်း တရုတ်နိုင်ငံတကာ ကုန်သည်များဘဏ်က ဖော်ပြသည်။

BYD သည် ၂၀၂၃ ခုနှစ် ၃ လပတ်ကာလ ၃ ခုအတွင်း ကားအစင်းရေ ၂ သန်းကျော် ရောင်းချခဲ့ရပြီး အသားတင် အမြတ်အစွန်း ယွမ်ငွေ ၂၁ ဘီလီယံ ရရှိခဲ့သည်။

BYD သည် ၂၀၂၃ ခုနှစ်အတွင်း တကမ္ဘာလုံးတွင် ကားအစင်းရေ ၃ သန်းကျော် ရောင်းချခဲ့ရသည်။

ထိုပမာဏမှာ ၂၀၂၂ ခုနှစ်ထက် ၆၂ ရာခိုင်နှုန်းပိုမိုများပြားသည့် ပမာဏဖြစ်ပြီး ယင်းအနက် ၁ ဒသမ ၅၇ သန်းမှာ လျှပ်စစ်ကားများ ဖြစ်သည်။

အလားတူကာလအတွင်း Tesla က ရောင်းချခဲ့ရသည့် EV အစင်းရေ ပမာဏမှာ ၁ ဒသမ ၈၁ သန်းရှိပြီး ယခင်နှစ်ထက် ၃၈ ရာခိုင်နှုန်း မြင့်တက်လာခြင်း ဖြစ်သည်။

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com

Ref:  China's BYD to give dealers 2 billion yuan for hitting sales target: Sources  (channelnewsasia)