• Home
  • Car News
  • စီရော်နယ်ဒိုက မိခင်အား Porsche တစ်စင်း မွေးနေ့လက်ဆောင်ပေးသည့်အပြင် မွေးနေ့ပွဲလာသူ ဘရာဇီးအဆိုတော်အား ဒေါ်လာ ၈၂,၀၀၀ တန် ရိုးလက်စ်နာရီ လက်ဆောင်ပေး

စီရော်နယ်ဒိုက မိခင်အား Porsche တစ်စင်း မွေးနေ့လက်ဆောင်ပေးသည့်အပြင် မွေးနေ့ပွဲလာသူ ဘရာဇီးအဆိုတော်အား ဒေါ်လာ ၈၂,၀၀၀ တန် ရိုးလက်စ်နာရီ လက်ဆောင်ပေး

  • 238 views


ခရစ္စတီယာနို ရော်နယ်ဒိုသည် ၂၀၂၃ ခုနှစ်အတွင်း ကမ္ဘာပေါ်တွင် လစာအများဆုံး အားကစားသမားအဖြစ် ရပ်တည်ခဲ့ရာ မိမိစိုက်ပျိုးခဲ့သော အသီးအပွင့်တို့ကို မိမိရိတ်သိမ်းရသည်ဟု ဆိုနိုင်သည်။

Forbes မဂ္ဂဇင်းကြီး၏ ဖော်ပြချက်အရ စီရော်နယ်ဒိုသည် ပြီးခဲ့သောနှစ် တစ်ခုတည်းအတွက်ပင်လျှင် ခန့်မှန်းခြေ ကန်ဒေါ်လာ ၁၃၆ သန်း ဝင်ငွေရခဲ့ကြောင်း ဖော်ပြသည်။

ယခုကဲ့သို့ အားလပ်ရက်ကာလမျိုးတွင် စီရော်နယ်ဒိုက သူ၏ အောင်မြင်မှုကို သူချစ်သောသူများနှင့် မျှဝေ ပေးလိုခဲ့သည်။
ပြီးခဲ့သော ဒီဇင်ဘာလ ၃၁ ရက်က စီရော်နယ်ဒို၏ မိခင် မွေးနေ့ပွဲ ကျင်းပခဲ့သည်။

စီရော်နယ်ဒိုက မိခင်အတွက် မွေးနေ့လက်ဆောင်အဖြစ် Porsche Cayenne SUV မော်တော်ကားကို လက်ဆောင်ပေးခဲ့သည်။

အဆိုပါကား၏ ၂၀၂၄ ခုနှစ်ထုတ် အခြေခံမော်ဒယ်မှာ ကန်ဒေါ်လာ ၇၉၂၀၀ မှ စသည်။

ပိုမိုမြန်ဆန်ပြီး ပိုမိုစွမ်းအားကောင်းသော Cayenne S မော်ဒယ်တို့မှာ အနည်းဆုံး ကန်ဒေါ်လာ ၉၅၇၀၀ မှ စသည်။

“လက်ဆောင်ရဲ့ တန်ဖိုးကြောင့်မဟုတ်ဘဲ သားဖြစ်သူက သတိတရ ရှိတာကြောင့် အမေပျော်တယ်ဆိုတာ ကျွန်တော် သိပါတယ်”ဟု စီရော်နယ်ဒိုက လူမှုကွန်ရက်တွင် တင်ခဲ့သော မိခင်ကြီး၏ ဝမ်းမြောက်သွားပုံ ရိုက်ကူးထားသည့် ဗွီဒီယိုဖိုင်တွင် Caption ရေးသားဖော်ပြခဲ့သည်။

“ဖခင်နဲ့ မိခင်တို့ကို ချီးမြှင့်ဂုဏ်ပြုပါ။ ဒါဆိုရင် ကမ္ဘာပေါ်မှာ အချိန်ကြာကြာ နေရပါလိမ့်မယ်”ဟု စီရော်နယ်ဒိုက ဆိုသည်။
ထိုမွေးနေ့ပွဲတွင် လက်ဆောင်ရသည်မှာ စီရော်နယ်ဒို၏ မိခင်တစ်ဦးတည်း မဟုတ်။

မွေးနေ့ပွဲသို့ တက်ရောက်လာသော ဘရာဇီးအဆိုတော် Luan Santana လည်း လက်ဆောင်ရခဲ့သည်။

စီရော်နယ်ဒိုသည် လက်ရှိအားဖြင့် ဆော်ဒီကလပ်အသင်းတစ်ခုဖြစ်သော Al-Nassr တွင် ရှေ့တန်းတိုက်စစ်မှူး အဖြစ် ပါဝင်လျက်ရှိသည်။

မိခင်ကြီး၏ မွေးနေ့ပွဲသို့ တက်ရောက်လာသောကြောင့် စီရော်နယ်ဒိုက ကျေးဇူးတင်ကြောင်း ပြသသည့် အနေဖြင့် Santana အား ရိုးလက်စ်နာရီတစ်လုံး လက်ဆောင်ပေးခဲ့သည်။

ခန့်မှန်းခြေအားဖြင့် ကန်ဒေါ်လာ ၈၂၀၀၀ ကျော် တန်ကြေးရှိသည်ဟု ခန့်မှန်းရသည်။

Santana က မယုံနိုင်အောင် ဖြစ်ခဲ့ရပြီး သူ၏ ဘဝတွင် ပထမဆုံး ပိုင်ဆိုင်ဖူးခြင်းဖြစ်ကြောင်း ၊ အလွန်ပျော်ရွှင်ဖွယ် အခိုက်အတန့်ဖြစ်ခဲ့ကြောင်း ပြောသည်။

စီရော်နယ်ဒိုသည် Al-Nassr နှင့်အတူ ပွဲစဉ်များ ပြန်လည် ပါဝင်ရန် ကြိုတင်ပြင်ဆင်ရင်း နှစ်သစ်ကူးကာလကို ဖြတ်သန်းလျက်ရှိသည်။

ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် စီရော်နယ်ဒိုသည် ကာလကြာရှည် ပြိုင်ဘက်ဖြစ်ခဲ့သူ လီယိုနယ်မက်ဆီနှင့် Riyadh Cup တွင် ထိပ်တိုက်တွေ့ဆုံရမည် ဖြစ်သည်။

မက်ဆီသည် ယခုအခါ အမေရိကန်ရှိ Inter Miami အသင်းတွင် ပါဝင်ကစားလျက်ရှိသည်။

 

(ဆက်စပ်သတင်းများ)

 

စီရော်နယ်ဒို ဆော်ဒီအာရေးဘီးယားတွင် နေထိုင်မည့် စံအိမ်

https://www.imyanmarhouse.com/news/read/1050091

 

စီရော်နယ်ဒိုနှင့် ချစ်သူမိန်းကလေး ဂျော်ဂျီနာ ရိုဒရီဂွက်ဇ်တို့၏ ပေါင် ၇ သန်းတန် လူနေခန်း

https://www.imyanmarhouse.com/news/read/1050001

 

မန်ယူအသင်းရှိရာ မန်ချက်စတာတွင် စီရော်နယ်ဒိုက ဟိုတယ်ကြီး တည်ဆောက်မည်

https://www.imyanmarhouse.com/news/read/950392

 

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com

Ref:  Cristiano Ronaldo Drops $160K on a Porsche and a Rolex in the Span of 2 Days (mensjournal)