• Home
  • Car News
  • အမေရိကန်တွင် ဆီဈေး ၁ ဂါလံ ၃ ဒေါ်လာသို့ ကျဆင်းသွားမှုကြောင့် EV ရောင်းအား နှေးကွေးသွား

အမေရိကန်တွင် ဆီဈေး ၁ ဂါလံ ၃ ဒေါ်လာသို့ ကျဆင်းသွားမှုကြောင့် EV ရောင်းအား နှေးကွေးသွား

  • 182 views

 

အမေရိကန်ပြည်ထောင်စုတွင် လျှပ်စစ်ကားဈေးကွက်ဝေစုနှင့် ရောင်းအား ယခုနှစ်အတွင်း စံချိန်တင်ခဲ့ သော်လည်း မကြာသေးမီကာလမှစတင်ကာ ရောင်းအားနှေးကွေးလာလျက်ရှိသည်။

အမေရိကန်ပြည်ထောင်စုတွင် ယခုနှစ်အတွင်း လျှပ်စစ်ကား အစင်းရေ ၁ သန်းအထိ စံချိန်တင် ရောင်းချခဲ့ရ ကြောင်း Motorintelligence.com က ဖော်ပြသည်။

ကားလောကအတိုင်ပင်ခံအဖွဲ့ဖြစ်သော Motorintelligence ၏ ပြောကြားချက်အရ နိုဝင်ဘာလအတွင်း အမေရိကန်တွင် ရောင်းချခဲ့သော ကားများအားလုံး၏ ၇ ဒသမ ၅ ရာခိုင်နှုန်းမှာ EV များဖြစ်ကြောင်း ဖော်ပြသည်။

Ford ကုမ္ပဏီ၏ နှစ်အလိုက် လျှပ်စစ်ကားရောင်းချရမှု နှိုင်းယှဉ်ချက်မှာ ၄၃ ရာခိုင်နှုန်းမြင့်တက်ခဲ့သည်။

Ford ၏ အရောင်းရဆုံး EV များတွင် Mustang Mach E SUV နှင့် F-150 Lightning ပစ်ကပ်တို့ပါဝင်ကြောင်း နိုဝင်ဘာလရောင်းအား ထုတ်ပြန်ချက်များတွင် ဖော်ပြသည်။

လျှပ်စစ် SUV များဖြစ်သော Hyundai ထုတ် Ioniq 5 နှင့် Kia EV6 တို့မှာ ပြီးခဲ့သောလအတွင်း နှစ်အလိုက်နှိုင်းယှဉ်ချက်တွင် ၁၀၀ ရာခိုင်နှုန်း ပိုမိုရောင်းချခဲ့ရသည်။

ထိုသို့ရောင်းအားတက်ခဲ့ခြင်းများ၏ အဓိကအကြောင်းရင်းမှာ ဓာတ်ဆီဈေးများ တစ်ဂါလံလျှင် ၅ ဒေါ်လာ ဖြစ်ခဲ့ချိန်၌ EV များမှာ ကားဝယ်သူတို့အား ပိုမိုစွဲဆောင်နိုင်ခဲ့ခြင်းတို့ဖြစ်ကြောင်း CarGurus ဝက်ဘ်ဆိုက်မှ ကားလောကဆန်းစစ်မှု ဒါရိုက်တာ ကီဗင်ရောဘတ်စ်က ပြောသည်။

ယခုအခါတွင်မူ အမေရိကန်နိုင်ငံတဝန်းတွင် ဓာတ်ဆီဈေးများ တစ်ဂါလံလျှင် ၃ ဒေါ်လာဝန်းကျင်သို့ ပြုတ်ကျ သွားခဲ့သည်။

ထို့ကြောင့် မက်လုံးအစီအစဉ်များကို ထည့်မတွက်လျှင် EV တစ်စင်း၏ ပျမ်းမျှဈေးနှုန်းမှာ ဒေါ်လာ ၅၂၀၀၀ အောက်သို့ ကျဆင်းသွားခဲ့သည်။
ကားဈေးကွက်မှာ ဈေးနှုန်းအပေါ် အာရုံစိုက်သည့် ဝယ်လက်များဆီသို့ ရွေ့လျားသွားခဲ့ရာ ဝယ်လက်များစွာမှာ ဓာတ်ဆီ (သို့မဟုတ်) Hybrid ကားတစ်စင်းထက် EVကို ဈေးပိုမပေးလိုကြကြောင်း ရောဘတ်စ်က ပြောသည်။

ထို့အပြင် မကြာသေးမီ အချိန်ကအထိ ရွေးချယ်စရာ EV မော်ဒယ်မှာ အနည်းငယ်သာ ရှိသည်။

တည်နေရာ ဈေးနှုန်းနှင့် အားသွင်းရလွယ်ကူခြင်းအချက်များအပေါ် ကားဝယ်သူတို့ ရတက်မအေးဖြစ်သည့် အပြင် အားတစ်ကြိမ်သွင်းထားလျှင် မောင်းနှင်နိုင်မည့် အကွာအဝေးအပေါ်လည်း စိုးရိမ်မကင်း ဖြစ်ကြသည်။

ကားဝယ်ယူသူများအနေဖြင့် ၎င်းတို့သွားလိုသည့်ခရီးအကွာအဝေးကို လျှပ်စစ်ကားများဖြင့် မသွားနိုင်မည်ကို စိုးရိမ်ကြသည်။

ထိုအချက်မှာ ပြင်းထန်သော ဆောင်းကာလမျိုးနှင့် ရင်ဆိုင်ဖြတ်သန်းကြချိန်များအတွက် ပိုမိုမှန်ကန်နေသည်။

ရာသီဥတု အလွန်အေးနေသည့် အခါမျိုးတွင် လျှပ်စစ်ကား၏ သွားနိုင်သည့် အကွာအဝေးမှာ များစွာကျဆင်း သွားသည်။

ထို့အပြင် အားသွင်းစခန်းများ နည်းပါးသည့်အချက်အပေါ်တွင်လည်း စိုးရိမ်မှုများ ရှိကြသည်။

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com

Ref:  The electric vehicle math isn’t adding up, with average transaction price around $50,000 and gas price nationwide falling to $3 a gallon  (fortune)