• Home
  • Car News
  • ရှန်ဟိုင်းမြို့တွင် ၂၀၂၄ ခုနှစ်အတွင်း EV ဝယ်ယူသူများကို လိုင်စင်ပြား အခမဲ့ပေးမည့်ကာလ တစ်နှစ်သက်တမ်းတိုး

ရှန်ဟိုင်းမြို့တွင် ၂၀၂၄ ခုနှစ်အတွင်း EV ဝယ်ယူသူများကို လိုင်စင်ပြား အခမဲ့ပေးမည့်ကာလ တစ်နှစ်သက်တမ်းတိုး

  • 224 views

တရုတ်ပြည် ရှန်ဟိုင်းမြို့အုပ်ချုပ်ရေးအဖွဲ့က ၂၀၂၄ ခုနှစ်အတွက် စွမ်းအင်သစ်သုံးယာဉ် (NEV) လိုင်စင် ထုတ်ပေးမှုနှင့် ပတ်သက်သည့် မူဝါဒကို ဒီဇင်ဘာ ၁၅ ရက်တွင် ထုတ်ပြန်ကြေညာလိုက်သည်။

လက်ရှိမူဝါဒမှာ ၂၀၂၃ နှစ်ကုန်တွင် သက်တမ်းကုန်ဆုံးပြီ ဖြစ်သည်။

ရှန်ဟိုင်းမြို့ အုပ်ချုပ်ရေးအဖွဲ့က ရှန်ဟိုင်းတွင် မှတ်ပုံတင်ထားသော ဘက်ထရီသုံးလျှပ်စစ်ယာဉ်များ (BEVs) နှင့် လောင်စာဆဲလ်သုံးယာဉ်များအတွက် လိုင်စင်ပြား အခမဲ့ ထုတ်ပေးမှု ဆက်လက်ပြုလုပ်ပေးသွားမည်ဟု ဆိုသည်။

မြို့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ခဲ့သော စာရွက်စာတမ်းများအရ အဆိုပါ မူဝါဒကို ၂၀၂၃ ခုနှစ်အတွင်း စတင်အကောင်အထည်ဖော်ခဲ့ပြီး ယခုအခါ ပိုမိုကျယ်ပြန့်စွာ သက်တမ်းတိုးချဲ့လာခြင်းလည်း ဖြစ်သည်။

ရှန်ဟိုင်းသည် တရုတ်ထိပ်တန်းကားကုမ္ပဏီကြီး Nio ၏ ကမ္ဘာလုံးဆိုင်ရာ ရုံးချုပ်နေရာ ဖြစ်သည့်အပြင် Tesla ၏ တရုတ်ပြည် စက်ရုံခွဲ တည်ရှိသော နေရာလည်း ဖြစ်ရာ ယခုမူဝါဒက တရုတ်ပြည်အတွင်း NEV တို့ ထိုးဖောက် ဝင်ရောက်သော ထိပ်တန်းမြို့များတွင် တစ်ခုအပါအဝင် ဖြစ်လာစေသည်။

နိုဝင်ဘာလအတွင်း ရှန်ဟိုင်းမြို့တွင် မှတ်ပုံတင်ခဲ့သောယာဉ်စုစုပေါင်း ၆၅၉၄၆ ရှိခဲ့ပြီး ယင်းအနက် ၄၄၁၈၇ မှာ NEV များဖြစ်ရာ စုစုပေါင်း ယာဉ်အစီးရေ၏ ၆၇ ရာခိုင်နှုန်းအထိရှိနေကြောင်း ရှန်ဟိုင်းစီးပွားရေး သတင်း အချက်အလက် စင်တာက ထုတ်ပြန်သည်။

လိုင်စင်ပြား အခမဲ့ပေးမည့် မူဝါဒကို သက်တမ်းတိုးခဲ့သော်လည်း လိုင်စင်လျှောက်ထားမည့်သူများအတွက် စည်းမျဉ်းတင်းကြပ်မှုများ ပြုလုပ်ထားသည်။

၂၀၂၃ ခုနှစ်အတွင်း EV လိုင်စင်လျှောက်ထားသူများအတွက် သတ်မှတ်ခဲ့သည့် စည်းမျဉ်းမှာ လူမှုအာမခံ (သို့မဟုတ်) ဝင်ငွေခွန်ကို ရှန်ဟိုင်းမြို့တွင် လွန်ခဲ့သော ၂၄ လအတွင်း စုစုပေါင်း ၁၂ လ ပေးဆောင်ထားသူ ဖြစ်ရမည်ဟူသော စည်းမျဉ်းရှိခဲ့သည်။

 

 

၂၀၂၄ ခုနှစ်တွင်မူ လျှောက်ထားမည့်သူများသည် လူမှုရေးအာမခံ (သို့မဟုတ်) ဝင်ငွေခွန်ကို ရှန်ဟိုင်းမြို့တွင် ၃၆ လ ဆက်တိုက် ပေးဆောင်ထားသူ ဖြစ်ရမည်ဟု စည်းမျဉ်းချမှတ်ထားသည်။

ရှန်ဟိုင်းမြို့တွင် လောင်စာဆီသုံးယာဉ်များ မှတ်ပုံတင်ထားပြီးသူများအနေဖြင့် အခမဲ့ EV လိုင်စင်ပြားများ လျှောက်ထားခွင့် ရှိမည်မဟုတ်ချေ။

သို့သော် ၎င်းတို့အနေဖြင့် ရှိရင်းစွဲ လောင်စာဆီသုံး လိုင်စင်ပြားများကို EV မော်ဒယ်သစ်များအတွက် အသုံးပြုနိုင်သည်ဟု ဆိုသည်။

ယခုမူဝါဒ၏ သက်တမ်းမှာ တစ်နှစ်ဖြစ်ပြီး ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်တွင် သက်တမ်းကုန်ဆုံးမည် ဖြစ်သည်။

ရှန်ဟိုင်းမြို့ အုပ်ချုပ်ရေးအဖွဲ့သည် လျှပ်စစ် Hybrid ကားများ (PHEVs) ၊ ဘက်ထရီသုံးလျှပ်စစ်ကားများ (BEVs) နှင့် လောင်စာဆဲလ်သုံးကားများ အပါအဝင် NEVs တို့အတွက် လိုင်စင်ပြားများ အခမဲ့ပေးနေသည်မှာ နှစ်အတန်ကြာမြင့်ခဲ့ပြီဖြစ်သည်။

၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၁ ရက်မှစတင်ပြီး ရှန်ဟိုင်းအုပ်ချုပ်ရေးအဖွဲ့သည် လျှပ်စစ် Hybrid ကားများ (PHEVs) နှင့် ခရီးဝေးသွားနိုင်သော လျှပ်စစ်ကား မော်ဒယ်များ (EREV) တို့အတွက် လိုင်စင်ပြားအခမဲ့မပေးတော့ချေ။

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com

Ref:  Shanghai to continue offering free license plates for purchasing all-electric vehicles in 2024  (cnevpost)