• Home
  • Car News
  • ဆိုဒီယမ် ဘက်ထရီသုံး ပထမဆုံးလျှပ်စစ်ကားများ ဇန်နဝါရီလတွင် တရုတ်ပြည်၌ စတင်ဖြန့်ချိမည်

ဆိုဒီယမ် ဘက်ထရီသုံး ပထမဆုံးလျှပ်စစ်ကားများ ဇန်နဝါရီလတွင် တရုတ်ပြည်၌ စတင်ဖြန့်ချိမည်

  • 659 views

Volkswagen ကျောထောက်နောက်ခံပေးထားသော တရုတ်ပြည်မှ ကားထုတ်လုပ်သူ JAC Motors သည် ဆိုဒီယမ်အိုင်းယွန်း ဘက်ထရီသုံး ပထမဆုံးလျှပ်စစ်ကားများကို စတင်ဖြန့်ချိတော့မည် ဖြစ်သည်။

JAC Motors မှ ဆိုဒီယမ်ဘက်ထရီဖြင့် ပထမဆုံး ဖြန့်ချိမည့် ကားအမှတ်တံဆိပ်မှာ Yiwei ဖြစ်သည်။

ဆိုဒီယမ် ဘက်ထရီအိုင်းယွန်း ဘက်ထရီနည်းပညာမှာ လီသီယမ်အိုင်းယွန်းနှင့်ယှဉ်လျှင် စွမ်းအင်သိပ်သည်းမှု နည်းပါးသည်။

သို့သော် ကုန်ကျစရိတ်နည်းပါးပြီး ကုန်ကြမ်းရင်းမြစ် ပေါများသည့်အပြင် ရာသီဥတု အေးသော အချိန်မျိုးတွင် လည်း ကောင်းမွန်သည့် Performance မျိုးရှိရာ လူအများ EV ဆီသို့ ကူးပြောင်းမှု မြန်ဆန်လာစေရန် အထောက်အကူပေးနိုင်မည် ဖြစ်သည်။

JAC ထုတ် Yiwei Hatchback ကားများကို ဇန်နဝါရီလတွင် စတင်ဖြန့်ချိမည်ဖြစ်ကြောင်း CarNewsChina က ဖော်ပြသည်။

Volkswagen သည် JAC တွင် ရှယ်ယာ ၇၅ ရာခိုင်နှုန်းနှင့် စီမံကွပ်ကဲ ထိန်းချုပ်မှုတို့ ရရှိထားသည့်အပြင် JAC ၏ မိခင်ကုမ္ပဏီ Anhui Jianghuai Automobile Group Holdings (JAG) တွင်လည်း ရှယ်ယာ ၅၅ ရာခိုင်နှုန်း ပိုင်ဆိုင်ထားသည်။

JAG ၏ ကျန်ရှယ်ယာထက်ဝက်ကို တရုတ်အစိုးရက ပိုင်ဆိုင်ထားရာ ကားလောက၏ ထူးဆန်းသော မိတ်ဖက် လက်တွဲမှုတစ်ခု ဖြစ်သည်။

 


(Yiwei သည် Sehol E10X ကို အမည်ပြောင်းထားခြင်း ဖြစ်သည်။ ဓာတ်ပုံ-JAC)

 

Yiwei လျှပ်စစ်ကားသည် အပေါ်ပုံတွင် တွေ့ရသော Sehol E10X hatchback ကားကို အမည်ပြောင်းထားခြင်း ဖြစ်ဟန်ရသည်။

Sehol မော်ဒယ်သည် 25 kwh ဘက်ထရီ တပ်ဆင်ထားပြီး ၂၅၂ ကီလိုမီတာ (၁၅၇ မိုင်) မောင်းနှင်နိုင်သည်။

ယခုနှစ်မေလအတွင်း JAC က ကြေညာခဲ့သည်မှာ Sehol အမှတ်တံဆိပ်ကို ဖျက်သိမ်းကာ JAC (သို့မဟုတ်) Yiwei ဟု အမည်ပြောင်းမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။

Yiwei ၏ မော်ဒယ်ကို E10X ဟု ဆက်လက်ထားရှိမည်လော ဟူသည်ကိုမူ JAC က ထုတ်ပြန်မထား။

ယခုနှစ် ဧပြီလအတွင်း JAC သည် ရှန်ဟိုင်းကားပြပွဲတွင် Yiwei 3 ဟုခေါ်သော လျှပ်စစ်ကား မော်ဒယ်တစ်ခုကို ပြသခဲ့သည်။

ယင်းနောက် အဆိုပါ မော်ဒယ်ကို LFP လီသီယမ်ဘက်ထရီဖြင့် ဇွန်လတွင် ဖြန့်ချိခဲ့သည်။

ဆိုဒီယမ် အိုင်းယွန်းဘက်ထရီသုံး EV မျိုးကွဲကိုလည်း မကြာမီတွင် ဖြန့်ချိမည်ဖြစ်ကြောင်း ထိုစဉ်က ကတိပြု ခဲ့သည်။

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com


Ref:  The first EV with a lithium-free sodium battery hits the road in January  (engadget)