- Home
- Car News
- Range Rover ကားများ ခိုးယူခံရမှုများကို ထုတ်လုပ်သည့် ကုမ္ပဏီက ကာကွယ်နိုင်ရန် ကြိုးစားနေ
Range Rover ကားများ ခိုးယူခံရမှုများကို ထုတ်လုပ်သည့် ကုမ္ပဏီက ကာကွယ်နိုင်ရန် ကြိုးစားနေ
- 138 views
Range Rover ကားတို့သည် ဗြိတိန်မှ ချမ်းသာကြွယ်ဝသူတို့အကြား ရေပန်းစားကျော်ကြားသည်။
လူကုံထံရပ်ကွက်များရှိ နာမည်ကြီး ဘောလုံးသမားတို့၏ စံအိမ်ခြံဝန်းများအတွင်းနှင့် လန်ဒန်၏ အချမ်းသာဆုံး ရပ်ကွက်များမှ လမ်းများပေါ်တွင် Range Rover များ နေရာယူထားကြသည်။
Range Rover များနှင့် ပတ်သက်သည့် ပြဿနာတစ်ခုမှာ ကားသူခိုးများ အကြိုက်ဖြစ်နေခြင်းပင်။
Jaguar Land Rover ထုတ် Luxury SUV များဖြစ်သော Range Rover တို့ ခိုးယူခံရမှုမှာ မကြာသေးမီ နှစ်များ အတွင်း အလွန်မြင့်တက်လာခဲ့သည်။
ကားခိုးသော ရာဇဝတ်သားတို့သည် Range Rover များခိုးရန် ခေတ်မီသောနည်းလမ်းများ တွေ့ရှိထားကြသည်။
Range Rover တို့၏ ဈေးနှုန်းမှာ ပေါင် ၁၀၃,၀၀၀ (ကန်ဒေါ်လာ ၁၃၀,၄၀၀) ခန့်မှ စသည်။
ကားသူခိုးတို့သည် Relay Attack (သို့မဟုတ်) သူခိုး ၂ ဦး တိုက်ခိုက်မှုဟုခေါ်သော Hacking Technique ကို အသုံးပြုကာ ကားသော့ဖွင့်ရန် ကားနှင့် သော့ကြားမှ အချက်ပြဆက်သွယ်မှုကို ကြားဖြတ်တိုက်ခိုက်ပြီး ကားမောင်းပြေးခြင်း ဖြစ်သည်။
ဗြိတိန် ယာဉ်မောင်းနှင့် ယာဉ်လိုင်စင် အေဂျင်စီ (DVLA) ၏ အချက်အလက်များအရ ပြီးခဲ့သောနှစ်အတွင်း Land Rover ထုတ် ကားအစင်း ၁၀၀ လျှင် ၁ စင်းနှုန်း ခိုးယူခံခဲ့ရကြောင်း Telegraph သတင်းဌာနက ဖော်ပြ သည်။
Range Rover တို့ပြီးလျှင် ခိုးယူမှုအခံရဆုံးမှာ Mercedes-Benz ဖြစ်သည်။
Range Rover ခိုးယူခံရမှု ပမာဏမှာ Mercedes-Benz ထက် ၃ ဆခန့်ရှိသည်ဟု ဆိုသည်။
(သူခိုး ကပ်ဘေး)
ကားများ ခိုးယူခံနေရမှုမှာ ကပ်ဘေးငယ်တစ်ခုအသွင်ပင် ဖြစ်လာနေပြီး Range Rover တို့မှာ ခိုးယူခံရမည့် ပျော့ကွက်ရှိနေကြောင်း ကားပိုင်ရှင်အများစု ကောင်းစွာသိနေကြပြီ ဖြစ်သည်။
ဗြိတိန်နိုင်ငံ၊ စတက်ဖို့ဒ်ရှိုင်းယားခရိုင်တွင် ကားခိုးယူခံရမှု အလွန်များပြားသောကြောင့် ဒေသတွင်း ရဲတပ်ဖွဲ့က ကားပိုင်ရှင်တို့ကို မိမိတို့၏ ကားများခိုးယူမခံရစေရန် အကာအကွယ်အစီအမံများ ပြုလုပ်ထားကြပါရန် နှိုးဆော်မှု များ ပြုလုပ်လာကြရသည်။
ထိုသို့သော အစီအမံများတွင် ကားဘီးနှင့် စတီယာရင်တို့တွင် clamp များ တပ်ဆင်ထားခြင်းမျိုး အပါအဝင် ဖြစ်သည်။
ဗြိတိန်သတင်းစာများစွာတို့တွင် Range Rover တို့ကို မည်သို့ကာကွယ်နိုင်ကြောင်း အကြံပြုသည့် ဆောင်းပါး များစွာ ရေးသားဖော်ပြမှုများပင် ပြုလုပ်လာနေကြရသည်။
Range Rover တို့ ခိုးယူခံနေရမှု အခြေအနေများကို ကျယ်ပြန့်စွာလူသိများလာနေမှုကြောင့် ဗြိတိန်ရှိ အဓိက နေရာအများစုတွင် အဆိုပါကားများကို အာမခံထားရန် မဖြစ်နိုင်သလောက်ရှိနေကြောင်း လေ့လာချက်များစွာ က ညွှန်ပြနေသည်။
Telegraph နှင့် Independent သတင်းဌာနတို့၏ တွေ့ရှိချက်အရ လန်ဒန်မြို့ပြင်ပိုင်းတွင် Range Rover တစ်စီးကို အာမခံထားမည်ဆိုလျှင် ပေါင် ၂၀၀၀၀ (ကန်ဒေါ်လာ ၂၅၃၀၀) အထိပေးရပြီး လန်ဒန်မြို့ထဲတွင် ဆိုလျှင် အာမခံရရန် မဖြစ်နိုင်ကြောင်း တွေ့ခဲ့ကြသည်။
Range Rover ၏ ထုတ်လုပ်သူ JLR မှ ကိုယ်စားလှယ်တစ်ဦးက ပြောသည်မှာ ကုမ္ပဏီအနေဖြင့် Range Rover ယာဉ်ပိုင်ရှင်များအား အထူးအာမခံမျိုးရရှိစေရန် သက်ဆိုင်ရာ အာမခံကုမ္ပဏီများနှင့် ဆက်သွယ် ဆောင်ရွက်လျက်ရှိကြောင်း ပြောသည်။
Jaguar Land Rover က နိုဝင်ဘာလအတွင်း ကြေညာခဲ့သည်မှာ ၎င်းတို့ကုမ္ပဏီထုတ် ကားမော်ဒယ်ဟောင်း များတွင် ခိုးယူခံရမှုအန္တရာယ်နည်းပါးစေရေး အစီအမံများအတွက် ပေါင် ၁၀ သန်း (ကန်ဒေါ်လာ ၁၂ ဒသမ ၇ သန်း) ရင်းနှီးမြှုပ်နှံကာ အကောင်အထည်ဖော်လျက်ရှိကြောင်း ကြေညာထားသည်။
((ဈေးနှုန်းများ ထိုးကျခြင်း))
JLR က Range Rover ကားများ ခိုးယူခံရမှု ကာကွယ်ရေး ဆောင်ရွက်နေမှုမှာ အင်အားနည်းပါးလှသည့်အပြင် သောကဖိစီးနေသော လက်ရှိ Range Rover ကားပိုင်ရှင်တို့မှာ ကားပြောင်းရန် စီစဉ်လာနေပြီဖြစ်ရာ JLR ၏ အကောင်အထည်ဖော်ဆောင်ရွက်မှုမှာ များစွာအခါနှောင်းနေပြီလည်း ဖြစ်သည်။
Bloomberg သတင်းဌာန၏ တွေ့ရှိချက်အရ Range Rover ကားများ ခိုးယူခံနေရမှု များပြားနေကြောင်း သတင်းများ ပျံ့နှံ့ခဲ့ပြီးနောက်ပိုင်း Range Rover တို့၏ ဈေးနှုန်းမှာ ပြီးခဲ့သောနှစ်ကတည်းက ထိုးကျနေခဲ့ ကြောင်း တွေ့ရှိခဲ့သည်။
Auto Trader ၏ အချက်အလက်များကို ကိုးကားပြီး Bloomberg သတင်းဌာနက ဖော်ပြသည်မှာ ယခုနှစ် မေလကတည်းက တပတ်ရစ် Range Rover တစ်စင်း၏ တန်ဖိုးမှာ ၉ ဒသမ ၃ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး ပေါင် ၃၅,၂၂၄ (ကန်ဒေါ်လာ ၄၄,၆၀၉) အထိ ကျဆင်းသွားကြောင်း ဖော်ပြသည်။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref: Range Rovers are plummeting in value because they’ve become so easy to steal—now its makers are spending millions trying to make the luxury SUVs theft-proof (yahoo)