• Home
  • Car News
  • ၂၀၂၃ ခုနှစ်အတွင်း မလေးရှားနိုင်ငံ၏ အရောင်းရဆုံး မော်တော်ကား Perodua Bezza

၂၀၂၃ ခုနှစ်အတွင်း မလေးရှားနိုင်ငံ၏ အရောင်းရဆုံး မော်တော်ကား Perodua Bezza

  • 409 views

 

မလေးရှား၏ ကားဈေးကွက် ဦးဆောင်ကုမ္ပဏီကြီး Perodua သည် ၂၀၂၃ ခုနှစ် တတိယ ၃ လပတ် ရောင်းအားနှင့် ထုတ်လုပ်မှု ကိန်းဂဏန်းများ ထုတ်ပြန်ခဲ့ရာ Perodua အတွက် အခြေအနေအလွန်ကောင်း လျက် ရှိသည်။

Perodua သည် မလေးရှားနိုင်ငံ၏ အကြီးမားဆုံး ကားထုတ်လုပ်သည့် ကုမ္ပဏီကြီးဖြစ်ပြီး ၎င်း၏ နောက်တွင် Proton က ရပ်တည်နေသည်။

Perodua ၏ တတိယ ၃ လပတ်ရောင်းအားမှာ နှစ်အလိုက် နှိုင်းယှဉ်မှုတွင် ၂၈ ဒသမ ၃ ရာခိုင်နှုန်း မြင့်တက် လာခဲ့ပြီး ၂၀၂၃ ခုနှစ် ပထမ ၉ လ ရောင်းအားမှာ ယခင်နှစ်ထက် ၁၈ ဒသမ ၈ ရာခိုင်နှုန်း ပိုမိုမြင့်မားလာ ခဲ့သည်။

နောက်ဆုံး ၃ လပတ်အတွက် Perodua နှင့် ၎င်း၏ စက်ရုံ ၂ ခုမှာ ၁ လလျှင် အနည်းဆုံး ကားအစင်းရေ ၃၀၀၀၀ ခန့် ထုတ်လုပ်ရန် စီစဉ်ထားပြီး ၂၀၂၃ ခုနှစ် ရောင်းအား ရည်မှန်းချက် အစင်းရေ ၃၁၄၀၀၀ ရည်မှန်း ထားရာ ယခင်နှစ်၏ စံချိန်ကို ဖြတ်ကျော်မည်မှာ သေချာနေသည်။

မလေးရှား၏ ယခုနှစ် အရောင်းရဆုံး မော်တော်ကားမှာ Perodua မှ ထုတ်လုပ်သော Bezza ဖြစ်ပြီး ၂၀၂၃ ခုနှစ် ၊ တတိယ ၃ လပတ်အတွင်း အစင်းရေ ၆၅၁၅၈ ရောင်းချခဲ့ရကာ မလေးရှား၏ အရောင်းရဆုံး မော်တော်ကားအဖြစ် ရပ်တည်ခဲ့သည်။

Perodua Bezza သည် ဒုတိယနေရာတွင်ရှိသော Axia ထက် အစင်းရေ ၁၄၀၀၀ ခန့် သာလွန်နေသည်။

၃ လပတ်ကာလ တစ်ခုသာ ကျန်ရှိတော့ချိန်တွင် Bezza ၏ နှစ်စဉ်ရောင်းအားမှာ ၄၁ ဒသမ ၃ ရာခိုင်နှုန်းအထိ မြင့်တက်နေသည်။

ပြီးခဲ့သော ၂၀၂၂ ခုနှစ်အတွင်း မလေးရှား၏ အရောင်းရဆုံးကားအဖြစ် ရပ်တည်ခဲ့သည်မှာ Myvi ဖြစ်သည်။

ယခုနှစ်တွင်မူ ၃ လပတ်ကာလတစ်ခုတာ ကျန်တော့သော်လည်း Perodua ၏ Bezza ဆီဒင်ကားမှာ တစ်နှစ်တာလုံး အရောင်းရဆုံးအဖြစ် ပထမဆုံးအကြိမ် ရပ်တည်နိုင်ခဲ့ခြင်း ဖြစ်သည်။

 

 

Perodua ၏ လက်ထောက်ဥက္ကဌ Datuk Ahmad Suhaimi က ဂျပန်ကားပြပွဲတွင် ပြောကြားခဲ့သည်မှာ ဈေးကွက်ဝယ်လိုအားအရ Bezza မှာ အများဆုံး ထုတ်လုပ်ခဲ့ရသည့် ကားမော်ဒယ်ဖြစ်ကြောင်း ပြောခဲ့သည်။

Suhaimi က ဆက်လက်ပြောကြားသည်မှာ Perodua ၏ ကမ္ဘာလုံးဆိုင်ရာ ထုတ်လုပ်မှုစက်ရုံသည် ယခုနှစ်အတွင်း Bezza အတွက် takt time ကို ၃ ဆမြှင့်တင်နိုင်ခဲ့ကြောင်း ပြောသည်။

Takt time ဟူသည်မှာ ကုန်စည်ထုတ်လုပ်ရေးဆိုင်ရာ ဝေါဟာရတစ်ခုဖြစ်ပြီး ထုတ်လုပ်ရေးကြာချိန်ကို ဖော်ပြရာတွင် အသုံးပြုပြီး ကုမ္ပဏီတစ်ခုအနေဖြင့် ထုတ်ကုန်တစ်ခုကို မည်မျှမြန်မြန် ထုတ်လုပ်နိုင်သည်ကို ရည်ညွှန်းသည်။

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com

Ref:  Perodua Bezza is Malaysia’s best selling car so far in 2023; set to take over from Myvi, No.1 for the first time (paultan)