• Home
  • Car News
  • လျှပ်စစ်သုံး EV မော်တော်ဆိုင်ကယ် အစီးရေ (၂၀၀)ကျော် မူဆယ်(၁၀၅) မိုင်ကုန်သွယ်ရေးဇုန်သို့ရောက်ရှိလာ

လျှပ်စစ်သုံး EV မော်တော်ဆိုင်ကယ် အစီးရေ (၂၀၀)ကျော် မူဆယ်(၁၀၅) မိုင်ကုန်သွယ်ရေးဇုန်သို့ရောက်ရှိလာ

  • 221 views


လျှပ်စစ်သုံး EV မော်တော်ဆိုင်ကယ် အစီးရေ (၂၀၈)စီးဟာ ပြီးခဲ့တဲ့အောက်တိုဘာလ (၁၅)ရက်နေ့က ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်(၁၀၅)မိုင်ကို ရောက်ရှိလာတဲ့အတွက် သတ်မှတ်လုပ်ထုံးလုပ်နည်းတွေအတိုင်း စိစစ်ပြီး အောက်တိုဘာလ (၁၉)ရက်နေ့မှာ တင်သွင်းလာတဲ့ ကုမ္ပဏီကို ထုတ်ယူခွင့်ပြုခဲ့တယ်လို့ အကောက်ခွန်ဦးစီးဌာနကနေ သိရပါတယ်။ အခုရောက်ရှိလာတဲ့ EV ဆိုက်ကယ်အမျိုးအစားဟာ Motocycle With Charging Adaptor , KENBO အမျိုးအစားလည်းဖြစ်ပါတယ်။

အဲဒီ EV ဆိုက်ကယ်တွေဟာ အမျိုးသားအဆင့်လျှပ်စစ်သုံးယာဉ်နှင့်ဆက်စပ်လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီရဲ့ ခွင့်ပြုချက်နဲ့ တင်သွင်းလာတာဖြစ်ပြီး အကောက်ခွန်ကင်းလွတ်ခွင့်ပြုထားတာလည်းဖြစ် ပါတယ်။ အခုအောက်တိုဘာလပိုင်းထဲမှာ EV မော်တော်ဆိုင်ကယ်တွေဟာ ပြည်တွင်းကို ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးဇုန်ကတစ်ဆင့် ပြည်တွင်းဈေးကွက်ထဲကို ဝင်ရောက်လာပြီး အစီးရေ ရာနဲ့ချီဝင်ရောက်နေတာပါ။

ပြီးခဲ့တဲ့ရက်ပိုင်းကပဲ မူဆယ် (၁၀၅)မိုင်ကုန်သွယ်ရေးဇုန်ကို EV ဆိုင်ကယ်အစီးရေ (၆၀၀)ကျော် ဝင်ရောက်လာပါသေးတယ်။ ပြည်တွင်းမှာ EV ဆိုင်ကယ်တွေနဲ့ သုံးဘီးတွေကို ဆက်တိုက်တင်သွင်းနေပြီး လုပ်ငန်းသုံး EV ယာဉ်တွေပါ ပြည်တွင်းဈေးကွက်ထဲ ဝင်ရောက်လာနေပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလကုန်အထိ EV ဆိုင်ကယ်အစီးရေ (၁၉၁၂) စီးနဲ့ EV သုံးဘီးဆိုင်ကယ် (၂၃၅) စီးကို မှတ်ပုံတင်ခွင့်ပြုထားတာလည်း ဖြစ်ပါတယ်။ EV ဆိုင်ကယ်တွေဟာ ပြည်တွင်းမှာ ကျပ်သိန်း (၅၀) ကျော်အထိ ပေါက်ဈေးရှိနေပါတယ်။ သယ်ယူပို့ဆောင်ရေးမှာ အသုံးဝင်တဲ့ EV သုံးဘီးယာဉ်တွေဟာလည်း ကျပ်သိန်း (၄၀) ကနေ (၅၀) ကျော်အထိ ပေါက်ဈေးရှိတဲ့အတွက် လောင်စာဆီအသုံးပြုတဲ့ သုံးဘီးယာဉ်တွေထက်စာရင် ဈေးကွက်ထဲမှာ လူကြိုက်များနေပါတယ်။

 

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com