ပြည်တွင်းထုတ် SKDနှင့် CKD စနစ်ကားများ ရန်ကုန်လိုင်စင် YVQC စနစ်တွင် ရာခိုင်နှုန်းတစ်ခုအထိလျှော့ချပေးရန်တင်ပြထား

0

Full article

SKD နှင့် CKD စနစ်ဖြင့် တင်သွင်းပြီး ပြည်တွင်း၌ တပ်ဆင်ထုတ်လုပ်သည့် မော်တော်ယာဉ်များကို ရန်ကုန်လိုင်စင် YVQC စနစ်တွင် ရာခိုင်နှုန်းတစ်ခုအထိ လျှော့ချပေးရန် စက်မှုဝန်ကြီးဌာနက ကြီး/ကော်ထံ တင်ပြထားရှိကြောင်းသိရသည်။

" ပြည်တွင်းမှာထုတ်လုပ်တဲ့ကားတွေကို ရန်ကုန်လိုင်စင် YVQC စနစ်ခွင့်ပြုပေးဖို့ ၁ဝ ရာခိုင်နှုန်းနဲ့သတ်မှတ်ထားတယ်။ စက်မှုဝန်ကြီးဌာနကနေ ပြည်တွင်းမှာထုတ်တဲ့ကားတွေကို အခွန်ရာခိုင်းနှုန်းလျှော့ချပေးဖို့တင်ပြထားတယ်။ ဒီကားတွေက အရင်ကလည်း ရန်ကုန်လိုင်စင် ဒီအတိုင်းခွင့်ပြုနေလို့ တင်ပြထားတာ။"ဟု မော်တော်ယာဉ်တင်သွင်းခြင်းနှင့်သက်ဆိုင်သော လုပ်ငန်းများကြီးကြပ်ရေးကော်မတီ တာဝန်ရှိသူတစ်ဦးက သိရသည်။

ရန်ကုန်လိုင်စင် YVQC စနစ် ခွင့်ပြုရာတွင် ၁၆ဝဝ စီစီနှင့် အောက် လူစီးယာဉ်များကို ကျပ် သိန်းသုံးဆယ်၊ ၁၆ဝ၁ စီစီမှ ၃ဝဝဝ စီစီအထိ လူစီးယာဉ်များကို ကျပ်သိန်းခြောက်ဆယ်၊ ၃ဝဝဝ စီစီအထက် လူစီးယာဉ်များကို ကျပ်သိန်း ကိုးဆယ်၊ Pick-Up ၊ Extra Cab များနှင့် 2500 kg အောက် လုပ်ငန်းသုံး ကုန်တင်ယာဉ်များကို ကျပ် ၁ဝ သိန်း၊ 2501 kg မှ 5000 kg အထိ ကုန်တင်ယာဉ်များကို ကျပ် ၁၅ သိန်း၊ ခရီးသည်တင်ယာဉ် မီနီဘတ်(၁၅ ယောက်စီးအောက်) ကို ကျပ်သိန်းသုံးဆယ်၊ ခရီးသည်တင်ယာဉ်မီနီဘတ်စ် ၁၆ ယောက်မှ ၂၇ ယောက်အထိကို ကျပ် ၁၅ သိန်း၊ ခရီးသည်တင်ယာဉ် (City Bus ၊ Express) နှင့် 5001 kg ကုန်တင်ယာဉ်များနှင့် ယန္တရားများကို ကျပ်တစ်သိန်းဖြင့် ခွင့်ပြုပေးမည်ဖြစ်ကြောင်းသိရသည်။

မီးသတ်ယာဉ်၊ လူနာတင်ယာဉ်၊ နိဗ္ဗာန်ယာဉ်၊ သာသနာရေးဆိုင်ရာယာဉ်များ၊ လျှပ်စစ်ကားများ၊ MIC ခွင့်ပြုချက်ဖြင့် တင်သွင်းမည့် မော်တော်ယာဉ်များနှင့် ကျောင်းကြို/ ပို့မော်တော်ယာဉ်များကိုမူ အခွန်ကင်းလွတ်ခွင့်ပြုထားကြောင်းသိရသည်။

ပြည်တွင်း စက်မှုဇုန်ထုတ်ကားများကို သတ်မှတ်အင်ဂျင်ပါဝါ၏ ၁ဝ ရာခိုင်နှုန်း၊ SKD စနစ်ဖြင့် တင်သွင်းပြီး ပြည်တွင်း၌ တပ်ဆင်ထုတ်လုပ်သည့် မော်တော်ယာဉ်များကို သတ်မှတ်အင်ဂျင်ပါဝါ၏ ၁ဝ ရာခိုင်နှုန်းနှင့် CKD စနစ်ဖြင့် တင်သွင်းပြီး ပြည်တွင်း၌တပ်ဆင်ထုတ်လုပ်သည့် မော်တော်ယာဉ်များကို သတ်မှတ်အင်ဂျင်ပါဝါ၏ ၃ ရာခိုင်နှုန်း ကောက်ခံမည် ဖြစ်ကြောင်းသိရသည်။

Breaking News
Regulation

Author