ရန်ကုန်တိုင်းဒေသကြီးသယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ (YRTA) မှ ၄င်းတို့၏ဆောင်ရွက်ချက်များကို မီဒီယာများနှင့်တွေ့ဆုံပြီး ပြည်သူများထံသို့ အသိပေးရှင်းလင်းတင်ပြခြင်းအခမ်းအနားအား YRTA ရုံးချုပ်တည်ရှိရာ အမှတ် (၆၅) လေးထောင့်ကန်လမ်း၊ မာန်အောင်ရပ်ကွက်၊ တာမွေမြို့နယ်၌ ၂ဝ၁၉ မေလ ၁၅ ရက်နေ့ (ယနေ့)၊ နံနက် ၉ နာရီ ၃ဝ မိနစ်တွင် စတင်ကျင်းပခဲ့သည်။
အဆိုပါ အသိပေးရှင်းလင်းတင်ပြခြင်း အခမ်းအနားကို မီဒီယာအသီးသီးမှ သတင်းထောက်များနှင့် တာဝန်ရှိသူများတက်ရောက်ခဲ့ကြပြီး ရန်ကုန်တိုင်းဒေသကြီးသယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့၏ တွဲဖက်အတွင်းရေးမှူး ဦးလှအောင်မှ YRTA စတင်တည်ဆောင်ချိန်က အခက်အခဲများ၊ လက်ရှိလုပ်ဆောင်နေမှုများနှင့် ရှေ့အနာဂတ်တွင် ဆောင်ရွက်သွားမည့်အစီအစဉ်များကို ရှင်းလင်းတင်ပြခဲ့သည်။ YRTA ၏ Managing Director ဦးအောင်ညီညီမော်မှ YBS ယာဉ်တွေကို IT နည်းပညာသုံးပြီးထိန်းချုပ်သွားမည့် အစီအစဉ်များနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသွားခဲ့သည်။
"နောက်ဆိုရင် YBS ယာဉ်တွေမှာ telematics စနစ်တွေတပ်ဆင်ပြီး ထိန်းချုပ်သွားတော့မှာပါ။ အခုလည်းယာဉ်တချို့မှာ တပ်ဆင်စမ်းသပ်ထားပါတယ်။ အလုံးစုံ အဆင်ပြေမှုတော့မရှိသေးပါဘူး။ လိုအပ်ချက်တွေရှိနေသေးတယ်။ နောက်ပိုင်းမှာတော့ Yangon Bus Operator Command Center ကနေ YBS ယာဉ်အားလုံးကို စောင့်ကြည့်ထိန်းချုပ်သွားမှာပါ။" ဟု Managing Director ဦးအောင်ညီညီမော်က ပြောသည်။
အစီအစဉ်နောက်ဆုံး၌ တက်ရောက်လာသော မီဒီယာများ၏ သိလိုသမျှမေးခွန်းများကို တွဲဖက်အတွင်းရေးမှူး ဦးလှအောင်နှင့် Managing Director ဦးအောင်ညီညီမော်တို့မှ ပြန်လည်ဖြေကြားခဲ့ပြီး လာမည့်ကာလများတွင် YRTA သည် နှစ်ပတ်တစ်ကြိမ် မီဒီယာများနှင့် ပုံမှန်တွေ့ဆုံသွားမည်ဟုလည်း ပြောကြားခဲ့သည်။
Zing