School bus နှင့် YBS ယာဉ်မောင်း smart card အကြောင်း ရှင်းလင်းပြောကြားသွားသည့် ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ (YRTA) ၏ ဒုတိယအကြိမ် မီဒီယာတွေ့ဆုံပွဲ

0

Full article

ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ (YRTA) ၏ မီဒီယာတွေ့ဆုံပွဲ (၂/၂ဝ၁၉) ကို လေးဒေါင့်ကန်လမ်းရှိ YRTA ရုံးချုပ်၌ မေလ ၂၉ ရက်နေ့တွင်ကျင်းပခဲ့သည်။ အဆိုပါ တွေ့ဆုံပွဲသို့ မီဒီယာအသီးသီးမှ တက်ရောက်ခဲ့ကြပြီး YRTA ၏ တွဲဖက်အတွင်းရေးမှုး ဦးလှအောင်နှင့် Managing Director ဦးအောင်ညီညီမော်တို့မှ YRTA ၏ လက်ရှိဆောင်ရွက်နေသည့် လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားခဲ့သည်။

ရှေးဦးစွာ YRTA ကို နိုင်ငံတကာကဲ့သို့ ITS (Intelligent Transportation System) စနစ်သို့ ပြောင်းလဲနိုင်ရန် ကြိုးစားနေကြောင်းနှင့် YRTA ၏ infrastructure များကို အဆင့်မြှင့်တင်သွားမည်ဖြစ်ကြောင်းတို့ကို ပြောကြားသွားခဲ့သည်။ ထို့အပြင် school bus များနှင့် စပ်လျဉ်းပြီး ကုန်းလမ်းပို့ဆောင်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသာအချက် ၁၂ ချက်နှင့် ကိုက်ညီမှုရှိသည့် school bus လုပ်ငန်း လုပ်ကိုင်နေသည့်သူများကို ဥပဒေနှင့်အညီဆောင်ရွက်နိုင်ရန်နှင့် အခက်အခဲမဖြစ်စေရေးအတွက် ဆောင်ရွက်ရမည့်အချက်များကို အစိုးရအဖွဲ့မှ ကုန်းလမ်းပို့ဆောင်ရေးဦးစီးဌာနထံတွင် ထုတ်ပြန်ထားပြီးဖြစ်ကြောင်း၊ အဆိုပါအချက်များတွင် school bus လုပ်ငန်းကို ၂ဝ၁၈-၂ဝ၁၉ ပညာသင်နှစ်ကတည်းက ကျောင်းကားပြေးဆွဲခြင်းလုပ်ငန်း လုပ်ကိုင်ခဲ့သည့် ယာဉ်များကိုဆိုလိုကြောင်း၊ သတ်မှတ်ထားသည့် အချက် ၁၂ ချက်နှင့်ကိုက်ညီသည့် မော်တော်ယာဉ်ကိုသာ တင်သွင်းပါမည်ဟု အထောက်အထားနှင့်တင်ပြလာပါက ဆောင်ရွက်နေဆဲကာလတွင် မူလယာဉ်ဟောင်းကို ဆက်လက်ပြေးဆွဲခွင့်ပြုမည်ဖြစ်ကြောင်း၊ သတ်မှတ်ထားသည့် အချက် ၁၂ ချက်နှင့်ကိုက်ညီသည့် မော်တော်ယာဉ်တင်သွင်းမှုကို ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့မှတစ်ဆင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ထံသို့ လျှောက်ထားရမည်ဖြစ်ကြောင်း၊ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနအနေနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ထောက်ခံချက်ဖြင့် school bus ယာဉ်များတင်သွင်းခြင်းကို ရန်ကုန်တိုင်းဒေသကြီးလိပ်စာဖြင့် မှတ်ပုံတင်ပေးရမည်ဖြစ်ကြောင်း၊ အထူးကိစ္စတစ်ရပ်အနေဖြင့် ကျောင်းကားလုပ်ငန်းလုပ်ကိုင်ရန် ရန်ကုန်တိုင်းဒေသကြီးလိပ်စာဖြင့် မှတ်ပုံတင်ခွင့်ပြုခြင်း ဖြစ်ပါသဖြင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြုချက်မရဘဲ ကျောင်းကားလုပ်ငန်းမှအပ အခြားလုပ်ငန်းလုပ်ကိုင်ခွင့်မပြုကြောင်းကိုလည်း မှင်အနီရောင်ဖြင့် တံဆိပ်တုံး မပျက်မကွက် ရိုက်နှိပ်ထားရမည်ဟု ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ သတင်းထုတ်ပြန်ထားကြောင်း YRTA ၏ တွဲဖက်အတွင်းရေးမှုး ဦးလှအောင်က ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် YRTA ၏ Managing Director ဦးအောင်ညီညီမော်ကလည်း " YRTA ကို ITS (Intelligent Transportation System) သို့  ချိတ်ဆက်နိုင်မည့် ကဏ္ဍတစ်ရပ်ဖြစ်သည့် YBS ယာဉ်မောင်း smart card စနစ်ကို လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ အဆိုပါ smart card စနစ်တွင် QR code များ၊ Barcode များပါဝင်မည်ဖြစ်ပြီး YBS ယာဉ်မောင်းများ၏ data များကို သိရှိနိုင်မည်ဖြစ်ကြောင်း၊ အဆိုပါ data များမှတစ်ဆင့် ယာဉ်မောင်းများကိုတိုင်ကြားခြင်း၊ ထုတ်ပယ်ခြင်းများ၊ ယာဉ်မောင်းများ၏ အရည်အသွေးကိုစိစစ်ခြင်း စသည့်ကိစ္စရပ်များကို ဆောင်ရွက်ရာတွင် ပိုမိုလျှင်မြန်လွယ်ကူလာမည်ဖြစ်ကြောင်းစသည်ဖြင့် ရှင်းလင်းပြောကြားခဲ့သည်။

နောက်ဆုံးတွင် တက်ရောက်လာသော မီဒီယာအသီးသီးမှ သိလိုသည့်မေးခွန်းများကို ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ (YRTA) တွဲဖက်အတွင်းရေးမှုး ဦးလှအောင်နှင့် Managing Director ဦးအောင်ညီညီမော်တို့မှ ပြန်လည်ဖြေကြားခဲ့ပြီး အခမ်းအနားကို ရုတ်သိမ်းခဲ့သည်။

Reporter : Zing

Author