YRTA အနေဖြင့် YBS ယာဉ်လိုင်းများအား ကောက်ခံနေသည့် စီမံခန့်ခွဲမှုရန်ပုံငွေအား ယာယီကင်းလွတ်ခွင့်ပြု

0

Full article

ရန်ကုန်တိုင်းဒေသကြီးသယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ (YRTA) အနေဖြင့် YBS ယာဉ်လိုင်းများအား ကောက်ခံနေသည့် စီမံခန့်ခွဲမှုရန်ပုံငွေအား ယာယီကင်းလွတ်ခွင့်ပြုလိုက်ကြောင်း YRTA ထံမှသိရသည်။

YRTA မှ YBS ယာဉ်လိုင်းများ၏ ယာဉ်တစ်စီးချင်းပေါ်တွင် စီမံခန့်ခွဲမှုရံပုံငွေ ၄,၀၀၀ ကျပ်အား ၂၀၂၀ ပြည့်နှစ်မတ်လ ၂၇ ရက်နေ့မှ ဧပရယ်လ ၃၀ ရက်နေ့အထိ ယာယီကင်းလွတ်ခွင့်ပြုလိုက်ကြောင်း YRTA ၏ မန်နေးဂျင်းဒါရိုက်တာ ဦးအောင်ညီညီမော် မှပြောကြားခဲ့သည်။ ထိုသို့ဆောင်ရွက်ခြင်းသည် YRTA အနေဖြင့် လတ်တလောဖြစ်ပွားနေသော COVID -19 ကြောင့် ခရီးသွားလာမှုနည်းပါးလာသည့်အတွက် YBS ကုမ္ပဏီများပေါ်တွင် တစ်ထောင့်တစ်နေရာမှ ပံ့ပိုးမှုဖြစ်စေရန် စီစဉ်ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ YRTA အနေဖြင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ညွှန်ကြားချက်နှင့်အညီ YBS ကုမ္ပဏီများအနေဖြင့် အခက်အခဲများရှိလာခဲ့ပါကလည်း ဖြေရှင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ထပ်မံပြောကြားခဲ့သည်။

ထို့အပြင် Power Eleven Public Co., Ltd. ၏ အုပ်ချုပ်မှုဒါရိုက်တာ ဦးသက်တင်ဝင်း (ကိုတရုတ်လေး)မှလည်း လက်ရှိဖြစ်ပွားနေသောအခြေအနေများကြောင့် ခရီးသွားပြည်သူများ၏ လိုက်ပါစီးနင်းမှုမှာ ၉၀ ရာခိုင်နှုန်းအထိ ကျဆင်းလာခဲ့ပြီး နေ့စဉ်ကုန်ကျစရိတ်ဖြစ်သည့် CNG ဖိုးနှင့် ယာဉ်မောင်းများ၏ လုပ်အားခပင်မရသောအခြေအနေဖြစ်နေသော်လည်း YRTA မှ စီမံခန့်ခွဲမှုရန်ပုံငွေများ ယာယီကင်းလွတ်ခွင့်ပေးခြင်း၊ ဘဏ်ချေးငွေများကိုလည် ပေးသွင်းရန်ကာလ ဆိုင်းငံ့ပေးထားခြင်း စသည့်ကူညီမှုများရှိနေခြင်းကြောင့် မဖြစ်မနေ သွားလာနေရသည့် ခရီးသွားပြည်သူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများအတွက် ဆက်လက်ပြေးဆွဲသွားမည်ဖြစ်ကြောင်း ရုပ်သံအစီအစဉ်တစ်ခုတွင်ပြောကြားခဲ့သည်။


YBS ယာဉ်များပေါ်တွင် COVID-19 ကာကွယ်ရေးအတွက် ပိုးသတ်ဆေးဖျန်းခြင်း၊ သန့်ရှင်းရေးကို ပိုမိုဆောင်ရွက်ခြင်း၊ လက်ကမ်းစာစောင်များဝေငှခြင်း၊ လက်ဆေးရန်အတွက် လိုအပ်သောပစ္စည်းများထားပေးခြင်း စသည်တို့ကိုဆောင်ရွက်ပေးထားကြောင်း သိရသည်။

Author