စာသင်ကျောင်းများ လိုအပ်ချက်အရတောင်းဆိုလာပါက အစိုးရအဖွဲ့ဝယ်ယူထားသော school bus အစီးရေ ၁ဝဝ ကျော် ထပ်တိုးပြေးဆွဲပေးရန် အဆင်သင့်ရှိနေဟု အာဏာပိုင်အဖွဲ့ပြောကြား

0

Full article

ယခုနှစ် ၂ဝ၁၉-၂ဝ၂ဝ ပညာသင်နှစ်တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဝယ်ယူထားရှိသော school bus ကျောင်းကား အစီး ၁၄ဝ ခန့်ရှိနေရာ စာသင်ကျောင်းများမှ လိုအပ်ချက်အရ တောင်းဆိုလာပါက အစိုးရအဖွဲ့ဝယ်ယူထားသော school bus အစီးရေ ၁ဝဝ ကျော်ကို ထပ်တိုးပြေးဆွဲပေးရန်အဆင်သင့်ရှိနေဟု ရန်ကုန်တိုင်းဒေသကြီး အများပြည်သူသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုအာဏာပိုင်အဖွဲ့မှ သိရသည်။

ရန်ကုန်တိုင်းဒေသကြီးတွင် ကျောင်းကားစနစ်သစ်ကို ၂ဝ၁၈ ခုနှစ် ဇွန်လ ၁ ရက်နေ့မှစတင်ကာ အခြေခံပညာကျောင်းများဖြစ်သော ကမာရွတ် TTC နှင့် ရန်ကင်း TTC ကျောင်း ၂ ကျောင်းတွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရမှဝယ်ယူထားသော school bus ကားအစီး ၆ဝ ကျော် အားထည့်သွင်းပြေးဆွဲပေးနေလျက်ရှိပြီး ရန်ကုန်တိုင်းအစိုးရအဖွဲ့မှ ဝယ်ယူထားသော school bus အစီးရေ ၂ဝဝ အနက် ကားအစီးရေ ၁ဝဝ ကျော် ကျန်ရှိနေသေးရာ လိုအပ်ချက်အရ စာသင်ကျောင်းများမှတင်ပြတောင်းဆိုလာပါက ထပ်မံတိုးချဲ့ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်းသိရသည်။

"အခုလောလောဆယ်တော့ ကျောင်း၂ ကျောင်းမှာ ကားအစီး ၆ဝ ပဲဆွဲနိုင်သေးတယ်။ တခြားကျောင်းတွေက လိုအပ်ချက်ရှိလို့ တောင်းဆိုလာရင် ထပ်တိုးပြေးဆွဲပေးဖို့အဆင်သင့်ပါပဲ။ ကျောင်း ၁၂ ကျောင်းရဲ့ ကျေင်းအုပ်ဆရာမတွေက ဒီ ပြေးဆွဲဖို့ကျန်နေသေးတဲ့ ကားတွေ ပြေးဆွဲပေးဖို့တောင်းဆိုထားတာတော့ရှိတယ်။ ဒါပေမယ့် စီးနင်းမယ့် ကျောင်းသား ရှိ/မရှိ စိစစ်ပြီး ချပေးမှာပါ။ လသာမှာရှိတဲ့ကျောင်းအတွက်တော့ ကျန်ရှိနေတဲ့ school bus ကားတွေကို မကြာခင်ပြေးဆွဲပေးမှာပါ။" ဟု ရန်ကုန်တိုင်းဒေသကြီး အများပြည်သူသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုအာဏာပိုင်အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးကြပ်၍ ဝယ်ယူထားသည့် school bus အစီး ၂ဝဝ တွင် ပညာရေးတက္ကသိုလ်လေ့ကျင့်ရေး အထက်တန်းကျောင်း ကမာရွတ်တွင် ၂၉ စီး၊ ပညာရေးကောလိပ်လေ့ကျင့်ရေးသင်တန်းကျောင်း ရန်ကင်းတွင် ၂၇ စီး စုစုပေါင်း ၅၆ စီးနှင့် အရန်ယာဉ်အဖြစ် ၉ စီး ပေါင်း ၆၅ စီးကိုပြေးဆွဲနေပြီး ပညာရေးတက္ကသိုလ်လေ့ကျင့်ရေးအထက်တန်းကျောင်း ကမာရွတ်တွင် ကျောင်းသား/သူ ၄၄၈ ဦး၊ ပညာရေးကောလိပ်လေ့ကျင့်ရေးသင်တန်းကျောင်း ရန်ကင်းတွင် ကျောင်းသား/သူ ၅၅၉ ဦး စုစုပေါင်း ကျောင်းသား/သူ ၁ဝဝ၇ ဦးအားပြေးဆွဲပေးလျက်ရှိရာ ကျောင်း ၂ ကျောင်းကိုသာပြေးဆွဲပေးနေလျက်ရှိပြီး ကျန်ရှိနေသည့်ကျောင်းကားများအားလုံးကို လာမည့်စာသင်နှစ်တွင် ပြေးဆွဲပေးရန်အတွက် အခြေခံပညာကျောင်းများတွင် ကျောင်းကားစီးနင်းနေသည့် ကျောင်းသား/သူ ဦးရေနှင့် လက်ရှိပြေးဆွဲနေသည့် ပုဂ္ဂလိက ကျောင်းကားအစီးရေများကို ကျောင်းတစ်ကျောင်းစီအလိုက် စာရင်းများ စတင်တောင်းခံထားရှိကြောင်းလည်း သိရသည်။

Author