YBS ယာဥ်လိုင်းများအတွင်းရှိ Minibus များ လုပ်ငန်းလိုင်စင်ပြောင်းလဲလိုပါက ဆောင်ရွက်ပေးလျက်ရှိကြောင်း

0

Full article

YBS ယာဥ်လိုင်းများအတွင်းရှိ Minibus များ လုပ်ငန်းလိုင်စင်ပြောင်းလဲလိုပါက ဆောင်ရွက်ပေးလျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ (YRTA) ထံမှသိရသည်။

YBS ယာဥ်လိုင်းများအတွင်းရှိ Minibus များသည် YBS စနစ်နှင့်ကိုက်ညီမှုမရှိသော်လည်း  ယာဥ်ပိုင်ရှင်များ နစ်နာမှုကိုထည့်သွင်းစဥ်းစားထားခြင်းနှင့် လမ်းကြောင်းအနေအထားများကြောင့် ဆက်လက်ပြေးဆွဲရန်ခွင့်ပြုထားပြီး နောင်တွင် တဖြေးဖြေးလျှော့ချသွားမည်ဖြစ်သည့်အပြင် လက်ရှိတွင်လည်း အချို့သောယာဥ်လိုင်းများတွင် Minibus များနေရာတွင် City bus များဖြင့် အစားထိုးပြေးဆွဲလျက်ရှိကြောင်းသိရသည်။ ထို့အပြင် Minibus များကိုလုပ်ငန်းလိုင်စင်ပြောင်းလဲလိုပါက ဆောင်ရွက်ပေးနေသည့်အပြင် ၁၉၉၉-၂၀၀၃ ခုနှစ်မော်ဒယ်အပ်နှံပါက လူစီးယာဥ်တင်သွင်းခွင့်ထောက်ခံချက်ကိုလည်းထုတ်ပေးသွားမည်ဖြစ်ကြောင်း YRTA ထံမှသိရသည်။

“Minibus တွေဟာ တံခါးတစ်ပေါက်တည်းလည်းဖြစ်တယ်၊ စပါယ်ယာလည်းပါနေတယ်၊ ဘာလို့ ပြေးဆွဲခွင့်ပေးနေရသလဲလို့မေးကြပါတယ်။ အဓိက ကတော့ ကျွန်တော်တို့ လမ်းတွေရဲ့အနေအထားပေါ့။ ဥပမာ တောင်ဒဂုံ၊ မြောက်ဒဂုံ၊ လှိုင်သာယာလိုနေရာမျိုးတွေပေါ့။ ဒီလိုနေရာတွေရဲ့အချို့လမ်းတွေဟာ ကားကြီးထက် minibus တွေကပိုပြီးအဆင်ပြေပါတယ်။ အဲဒိနေရာတွေမှာခွင့်ပေးထားပါတယ်။ ဒါပေမယ့် မြို့ထဲမှာတော့ ၊ ဥပမာ YBS ၁၀ တွေ။ အဲဒီကားလေးတွေနေရာမှာ ကားကြီးတွေတဖြေးဖြေးဝင်လာပါပြီ။ ကျွန်တော်တို့အနေနဲ့ minibus တွေကိုဘယ်လိုအထောက်အပံ့ပြုထားလဲဆိုတော့ အခု ၁၉၉၉ - ၂၀၀၃ ခုနှစ်မော်ဒယ် YBS အပ်ခွင့်မှာ minibus အပ်ရင်လည်း လူစီးယာဥ်တင်သွင်းခွင့်ထောက်ခံချက်နဲ့အပ်နှံခွင့်ရအောင်လုပ်ပေးထားသလို လုပ်ငန်းလိုင်စင်ပြောင်းလဲခြင်းကိုလည်းဆောင်ရွက်ပေးနေပါတယ်။ 'ခ' လိုင်စင်ကနေ  'ဂ' ဖြစ်ဖြစ်၊ 'ဃ' လိုင်စင်ပြောင်းချင်တာပဲဖြစ်ဖြစ် အားလုံးကိုအဆင်ပြေအောင်ဆောင်ရွက်ပေးနေပါတယ်။ ပိုင်ရှင်ရဲ့လိုအပ်ချက်၊ ပိုင်ရှင်ရဲ့ အခက်အခဲ အဆင်ပြေအောင် လုပ်ငန်းလိုင်စင်ပြောင်းလဲရေးကို တင်ပြဆောင်ရွက်ပေးနေပါတယ်။ ”

ဟု YRTA တွဲဖက်အတွင်းရေးမှူး ဦးလှအောင်မှပြောကြားခဲ့သည်။

၂၀၁၉ သြဂုတ်လအထိ YRTA ထံတွင် မှတ်ပုံတင်ထားသောယာဥ်စီးရေ ၆,၆၅၆ စီး ရှိနေပြီး minibus အရေအတွက်မှာ ၁,၁၁၃ စီး ရှိကြောင်းသိရသည်။

Author