Yangon Water Bus မှ ရန်ကုန်တိုင်းအတွက် ပြည်ပမှ ဝယ်ယူထားသော ရေယာဉ်သစ် ၆ စီးဖြင့်ပြေးဆွဲသွားမည်

0

Full article

Yangon Water Bus မှ ရေယာဉ် ၁၀ စီးကို ဧရာဝတီတိုင်းတွင်ဒေါက်တင်ထားပြီး အဆိုပါယာဉ်များကိုဧရာဝတီတိုင်းတွင် ဆက်လက်ပြေးဆွဲသွားမည်ဖြစ်ကာ ရန်ကုန်တိုင်းအတွက် ပြည်ပမှ ဝယ်ယူထားသော ရေယာဉ်သစ် ၆ စီးဖြင့်ပြေးဆွဲသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အများပြည်သူသယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ (YRTA) ထံမှသိရသည်။


“ Yangon Water Bus ကုမ္ပဏီက ယခင်အသုံးပြုခဲ့တဲ့ ပြည်တွင်းထုတ်ရေယာဉ် ၇ စီးနဲ့ ပြည်ပက ဝယ်ယူထားတဲ့ ရေယာဉ် ၃ စီး၊ စုစုပေါင်း ရေယာဉ် ၁၀ စီးကို ဧရာဝတီတိုင်းမှာ ဒေါက်တင်ထားတယ်လို့သိရပါတယ်။ အဲဒီ ရေယာဉ်တွေကို နောင်မှာ ဧရာဝတီတိုင်းအတွင်းမှာ ဆက်လက်ပြေးဆွဲသွားမယ်လို့ ကုမ္ပဏီကနေ ကျွန်တော်တို့ကို သတင်းပေးပို့ထားပါတယ်။ ဒီနှစ် ရန်ကုန်မှာ ပြေးဆွဲဖို့အတွက် ပြည်ပကနေ ယာဉ်သစ် ၆ စီး ဝယ်ယူထားပါတယ်။ ၃ စီးကတော့ ရေချပြီးဖြစ်ကြောင်း သိရပါတယ်။ ဒါ့အပြင် ယာဉ်သစ် ၆ စီးအနက် ၂ စီးမှာ payment စက်တွေတပ်ဆင်လျက်ရှိကြောင်း၊ ၄ စင်းကတော့ စက်တွေတပ်ဆင်ဖို့ ကျန်နေသေးတဲ့အကြောင်း၊ ဒီလုပ်ငန်းရပ်တွေပြီးစီးဖို့ ၂၅ ရက်ခန့် ကြာမြင့်မည်ဖြစ်ပြီး လုပ်ငန်းအားလုံးပြီးဆုံးပါက ပြန်လည်ပြေးဆွဲသွားမည်ဖြစ်ကြောင်း၊ ယခင်ပြေးဆွဲလမ်းကြောင်းများမှာရှိတဲ့ ဆိပ်ခံတံတားတွေကိုလည်း အသစ်ပြန်လည်ဆောင်ရွက်နေကြောင်း ကို သက်ဆိုင်ရာကုမ္ပဏီက YRTA ကိုသတင်းပို့ထားပါတယ်”

ဟု YRTA တွဲဖက်အတွင်းရေးမှူး ဦးလှအောင်မှ ၂၀၁၉ နိုဝင်ဘာလ ၂၀ ရက်နေ့တွင်ပြုလုပ်ခဲ့သော YRTA ၏ မီဒီယာတွေ့ဆုံပွဲ ( ၁၃/၂၀၁၉ ) တွင် ပြောကြားခဲ့သည်။


Yangon Water Bus အနေဖြင့် ၂၀၁၇ အောက်တိုဘာလမှ စတင်ပြေးဆွဲခဲ့ပြီး ဆိပ်ကမ်းများ၏ မိုးရာသီပျက်စီးမှုများအားပြုပြင်ရန်၊ ရေယာဉ်များ အကြီးစားပြင်ဆင်မှုများပြုလုပ်ရန်၊ ငမိုးရိပ်ချောင်းအတွင်းပြေးဆွဲမည့်ရေယာဉ်များတင်သွင်းရန်အတွက် ငမိုးရိပ်ချောင်းဆိပ်ကမ်းများဆောက်လုပ်ခွင့်ရရှိရန်၊ သန်လျင်ဆိပ်ကမ်း ပြုပြင်တည်ဆောက်ရန်နှင့် ငွေပေးချေမှုစနစ်အသစ်အတွက် စက်များတပ်ဆင်ရန်တို့အတွက် ၂၀၁၉ စက်တင်ဘာလ ၂၇ ရက်နေ့မှစတင်ကာ ပြေးဆွဲမှုကို ခေတ္တရပ်နားထားမည်ဖြစ်ကြောင်း ကြေညာထားသည်။

Author