YBS ယာဉ်လိုင်းများရှိယာဉ်အားလုံး ကုမ္ပဏီပိုင်ယာဉ်ဖြစ်ရေး ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် မှာကြားထား

0

Full article

YBS ယာဉ်လိုင်းများရှိယာဉ်အားလုံး ကုမ္ပဏီပိုင်ယာဉ်ဖြစ်ရေးကို ၂၀၂၀ ပြည့်နှစ်၊ မတ်လ၊ ၃၁ ရက်နေ့နောက်ဆုံးထားကာ ဆောင်ရွက်သွားရန် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်က မှာကြားထားကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ (YRTA) ထံမှသိရသည်။

“ကျွန်တော်တို့ YRTA ရဲ့နာယကဖြစ်တဲ့ ရန်ကုန်တိုင်းဝန်ကြီးချုပ်ကိုယ်တိုင် ဒီကိစ္စကို ပြီးခဲ့တဲ့ ယာဉ်ရပ်နားကွင်းဖွင့်ပွဲမှာ အသိပေးသွားတာပါ။ ၂၀၂၀ပြည့်နှစ်၊ မတ်လ၊ ၃၁ ရက်နေ့နောက်ဆုံးထားပြီးတော့ YBS ယာဉ်အားလုံး ကုမ္ပဏီပိုင်ဖြစ်ရေးကို ဆောင်ရွက်ရမယ့် လုပ်ငန်းလမ်းညွှန်တစ်ခုရှိပါတယ်။ ဒါကို အကောင်အထည်ဖော်ရမှာဖြစ်ပါတယ်။ ဖြစ်နိုင်အောင်၊ အကောင်အထည်ဖော်နိုင်အောင် YRTA က နည်းလမ်းမျိုးစုံစဉ်းစားပြီးတော့ ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ အနာဂတ် YBS စနစ်ကိုသွားတဲ့အခါ ပုဂ္ဂလိက ပိုင်ဆိုင်မှုကျန်နေသေးသမျှ ထိန်းချုပ်ရတာ အခက်အခဲတွေရှိပါတယ်။ ဒီလိုအကောင်အထည်ဖော်တဲ့အခါ ယာဉ်ပိုင်ရှင်တွေ ထိခိုက်မှုအနည်းဆုံး ဖြစ်အောင် ကျွန်တော်တို့ဘက်က အတတ်နိုင်ဆုံး ကြိုးစားသွားမှာပါ”

ဟု YRTA တွဲဖက်အတွင်းရေးမှူး ဦးလှအောင်မှ ပြောကြားခဲ့သည်။

ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ၁၈ ရက်နေ့တွင်ပြုလုပ်ခဲ့သော YRTA ၏ ယာဉ်ရပ်နားကွင်းသစ်ဖွင့်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းမှ ပိုမိုကောင်းမွန်သော ဘတ်စ်ကားစနစ်သို့ သွားရန်အတွက် ယာဉ်လိုင်းများရှိယာဉ်အားလုံးသည် ကုမ္ပဏီပိုင်ဖြစ်ရန်အတွက် ပညာရှင်များမှ လမ်းညွှန်ထားကြောင်း ပြောကြားခဲ့သည်။


YRTA ထံတွင် မှတ်ပုံတင်ထားသော YBS ယာဉ်စီးရေ ၆၀၀၀ ကျော်ရှိနေပြီး ပြေးဆွဲနေသော ယာဉ်စီးရေ ၄၃၀၀ ခန့်တွင် အစီးရေ ၃၀၀၀ ဝန်းကျင်ခန့်သာ ကုမ္ပဏီပိုင်ယာဉ်များဖြစ်နေသေးကြောင်း သိရသည်။

Author