YBS စနစ်အတွင်း ယာဉ်အစုတ်များဖြင့်ဝန်ဆောင်မှုပေးနေသည့် အခြေအနေများကို လက်သင့်ခံတော့မည်မဟုတ်ကြောင်း ရန်ကုန်တိုင်းဝန်ကြီးချုပ်ပြောကြား

0

Full article

YBS စနစ်အတွင်း ပြည်သူအပေါ် ဝန်ဆောင်မှုအားနည်းသောကုမ္ပဏီများနှင့် ယာဉ်အစုတ်များဖြင့်ဝန်ဆောင်မှုပေးနေသည့် အခြေအနေများကို ရန်ကုန်တိုင်းသယ်ယူပို့ဆောင်ရေးကဏ္ဍမှ လက်သင့်ခံတော့မည်မဟုတ်ဘဲ ရန်ကုန်မဟုတ်သည့် အခြားနယ်များတွင် သွားရောက်ပြေးဆွဲစေခြင်းကဲ့သို့ ဆောင်ရွက်ရန်စီစဉ်နေကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းမှ ပြောကြားခဲ့သည်။


“ကျွန်တော်တို့ YBS စနစ်အတွင်း ဝင်ရောက်ပြေးဆွဲနေတဲ့ ကုမ္ပဏီတွေထဲမှာ ကုမ္ပဏီအစစ်အမှန်မဟုတ်သေးတဲ့ကုမ္ပဏီတွေရှိနေပါသေးတယ်။ ဒါဟာ ပြဿနာရှိနိုင်ပါတယ်။ အထူးဂရုပြုရမယ့် issue တစ်ခုဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ သုံးနှစ်အချိန်ပေးခဲ့ပြီးပြီဖြစ်ပါတယ်။ ဒီယာဉ်လိုင်းဟာ ဝန်ဆောင်မှုမကောင်းဘူးဆိုရင်တော့ ဒီယာဉ်လိုင်းနေရာမှာ အခြားယာဉ်လိုင်းတစ်ခုထပ်ပြီးအပြိုင် ပြေးဆွဲစေရပါလိမ့်မယ်။ အပြိုင်ပြေးတဲ့အခါ ဝန်ဆောင်မှုအားသာတဲ့ယာဉ်လိုင်းကို ဆက်လက်ရပ်တည်ခွင့်ပေးပြီး ဝန်ဆောင်မှုအားနည်းတဲ့ယာဉ်လိုင်းကို တော့ အခြားစနစ်တစ်ခုထဲကို ရွှေ့ပြောင်းစေရပါလိမ့်မယ်။ ဒီစနစ်ကို ဆောင်ရွက်ဖို့ပြင်ဆင်နေပါတယ်။ ဒီယာဉ်လိုင်းကို ငါတို့ရထားတာပဲ။ တစ်သက်လုံးငါတို့လုပ်စားရမှာပဲ။ ငါတို့ထင်ရာလုပ်လို့ရမယ်လို့ တွေးနေရင်တော့ မှားသွားပါလိမ့်မယ်။ ကျွန်တော်တို့အနေနဲ့ သူတို့ကို ဆိုင်းငံ့ချိန်တစ်ခု ပေးပြီးသွားပါပြီ။ လာမယ့် ဇန်နဝါရီလမှာ YBS သုံးနှစ်ပြည့်တဲ့အချိန်မှာ ဒီကုမ္ပဏီတွေကို review လုပ်ရပါလိမ့်မယ်။ ပြည်သူကိုဝန်ဆောင်မှုမပေးနိုင်တဲ့ ကားစုတ်တွေနဲ့ ပြေးဆွဲနေတာတွေကို ကျွန်တော်တို့ ဒီအခြေအနေကို လက်မခံနိုင်ပါဘူး။ ယာဉ်သစ်တွေနဲ့ပြေးဆွဲပြီး အရင်းအနှီးတန်ဖိုး များများနဲ့ ပြေးဆွဲနေတဲ့သူတွေကလည်းဒီအမြတ်၊ ယာဉ်ဟောင်းတွေနဲ့ပြေးဆွဲပြီး အရင်းအနှီးတန်ဖိုးနည်းနည်းနဲ့ ပြေးဆွဲနေတဲ့သူတွေလည်း ဒီအမြတ်ဆိုရင် ဒါဟာ မမျှတပါဘူး။ ကျွန်တော်တို့  Standard တစ်ခု သတ်မှတ်ရပါလိမ့်မယ်။ ဒီ Standard ထဲကို ဝင်နိုင်ရင် ရန်ကုန်သယ်ယူပို့ဆောင်ရေးမှာ ဆက်လက်ရပ်တည်နိုင်မယ်။ မဝင်နိုင်ဘူးဆိုရင်တော့ နယ်တွေရှိပါသေးတယ်။ ရန်ကုန်မြို့တော်ကြီးမဟုတ်တဲ့ အခြားသောနယ်တွေမှာ သွားပြေးဆွဲလို့ရပါသေးတယ်။ အဲဒီနေရာမှာတော့ ကားတွေကစုတ်ချင်စုတ်နေမယ်၊ ကောင်းချင်မှကောင်းမယ်။ ဒါပေမဲ့ ရန်ကုန်မြို့တော်ကြီးမှာတော့ ယာဉ်အစုတ်တွေနဲ့ဝန်ဆောင်မှုပေးနေတာကို ခွင့်ပြုပေးနိုင်တဲ့အခြေအနေမရှိပါဘူး”

ဟု ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းမှ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ၂၉ ရက်နေ့တွင်ပြုလုပ်ခဲ့သော YRTA ၏ ယာဉ်ရပ်နားဝင်းသစ်ဖွင့်ပွဲအခမ်းအနားတွင်ပြောကြားခဲ့သည်။


လာမည့် ၂၀၂၀ ခုနှစ် ဇန်နဝါရီလ ၁၆ ရက်နေ့တွင် ယခင် မထသ စနစ်မှ YBS စနစ်ပြောင်းလဲခြင်း (၃) နှစ်ပြည့်အခမ်းအနားကို ကျင်းပသွားမည်ဖြစ်ကြောင်း YRTA ထံမှသိရသည်။

Author