Yangon Payment Service (YPS) စနစ်အတွက် pilot testing ဆောင်ရွက်ခြင်း၌ ယာဉ်အများစုမှာ အဆင်ပြေချောမွေ့ခဲ့ဟုဆို

0

Full article

Yangon Payment Service (YPS) စနစ်အတွက် pilot testing ဆောင်ရွက်ခြင်းကို YBS ယာဉ်စီးရေ ၁,၄၅၈ စီး အနက် အစီးရေ ၁,၃၄၅ စီးတွင်ဆောင်ရွက်ခဲ့ပြီး ယာဉ်အများစုမှာ အဆင်ပြေချောမွေ့ခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီးသယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ (YRTA) ထံမှသိရသည်။

“YPS စနစ်အတွက် pilot testing ဆောင်ရွက်ခြင်းကို ဇန်နဝါရီလ ၃၁ ရက်နေ့ကနေ ဖေဖော်ဝါရီလ ၉ ရက်နေ့အထိပြုလုပ်ခဲ့ပါတယ်။ ဒီလိုလုပ်တဲ့အခါမှာ YPS စနစ်မှာပါဝင်တဲ့ ယာဉ်လိုင်းတွေဖြစ်တဲ့ ဗန္ဓုလကုမ္ပဏီ၊ ရွှေတောင်ပိုင်းကုမ္ပဏီ၊ YUPT ကုမ္ပဏီ၊ YBPC ကုမ္ပဏီတို့မှ ယာဉ်လိုင်းပေါင်း ၄၁ လိုင်း၊ စက်တပ်ဆင်ထားတဲ့ ယာဉ်စီးရေ ၁၄၅၈ စီးကို ဝန်ထမ်း ၉၅ ဦးနဲ့ ဆောင်ရွက်ခဲ့ပါတယ်။ စမ်းသပ်တဲ့နေရာမှာ တစ်ဦးချင်းတစ်ယောက်ချင်းဆီအတွက် payment card အပြင် ဘယ်လိုစမ်းသပ်တယ်၊ ဘယ်လိုပုံနဲ့ စီးနင်းတယ်ဆိုတာကို မှတ်တမ်းတင်ဖို့ manual မှတ်တမ်းတွေပါပေးထားပါတယ်။ ပြီးခဲ့တဲ့ တနင်္လာနေ့မှာ pilot testing review အစည်းအဝေးကို ပြုလုပ်ခဲ့ပါတယ်။ အများစုကတော့ အဆင်ပြေချောမွေ့တာကိုတွေ့ရပါတယ်။ အချို့စက်တွေမှာတော့နည်းပညာပိုင်းမှာ firmware update လုပ်ဖို့လိုအပ်တာကိုတွေ့ရပါတယ်။ ဒါကိုလည်း သက်ဆိုင်ရာ ကုမ္ပဏီကနေ ဆောင်ရွက်နေပြီဖြစ်ပါတယ်။ ယာဉ်စီးရေ ၁,၄၅၈ စီးမှာ ယာဉ်မကောင်းလို့ပြင်နေရတာတွေ၊ စက်ပြင်နေတဲ့ယာဉ်တွေ၊ ကားမကောင်းသေးလို့ မထွက်နိုင်ခဲ့တဲ့ယာဉ်အရေအတွက် ၁၁၃ စီးရှိပါတယ်။ အဲဒီယာဉ်တွေကိုတော့ အခု ဆက်လက်ပြီး စမ်းသပ်မှုတွေလုပ်နေပါတယ်”

ဟု YRTA ၏ မန်နေဂျင်းဒါရိုက်တာ ဦးအောင်ညီညီမော်မှ  ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလ ၁၉ ရက်နေ့တွင်ပြုလုပ်ခဲ့သော YRTA ၏ မီဒီယာတွေ့ဆုံပွဲတွင်ပြောကြားခဲ့သည်။


YPS စနစ်အတွက် ပထမအသုတ်အဖြစ် ယာဉ်စီးရေ ၁,၄၅၈ စီးတွင်တပ်ဆင်ခဲ့ပြီး ဒုတိယအသုတ်အဖြစ် လူထုမိတ်ဆွေ ကုမ္ပဏီမှ ယာဉ်စီးရေ ၂၅၀ စီးနှင့် YUPT မှ ၁၈၂ စီး၊ စုစုပေါင်း ၄၃၂ စီးကို စက်များထပ်မံတပ်ဆင်ပြီးဖြစ်ကြောင်းသိရသည်။

Author