ရန်ကုန်မြို့ပတ် YBS ယာဉ်လိုင်းကို စက်တင်ဘာလကုန်ခန့်တွင် စတင်ပြေးဆွဲသွားမည်

0

Full article

ရန်ကုန်မြို့ပတ် YBS ယာဉ်လိုင်းကို စက်တင်ဘာလကုန်ခန့်တွင်စတင်ပြေးဆွဲသွားမည်ဟု တိုက်တွန်းထားကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ (YRTA) တွဲဖက်အတွင်းရေးမှူး ဦးလှအောင်မှ YRTA ၏ မီဒီယာတွေ့ဆုံပွဲ (၈/၂၀၁၉) တွင် ပြောကြားခဲ့သည်။

“မြို့ပတ်လိုင်းဖြစ်တဲ့အတွက် အောင်မင်္ဂလာအဝေးပြေးကနေပြီးတော့ သံသုမာလမ်းဘက်ကနေ ပတ်ပါမယ်။ နောက်ပြီး ဗိုလ်တစ်ထောင်ဘက်ကနေ ကြည့်မြင်တိုင်ဘက်ကို ပြန်ဆင်းပါမယ်။ အဲဒီကမှတစ်ဆင့် အောင်မင်္ဂလာအဝေးပြေးကိုပြန်ဝင်ပါမယ်။ ဧရိယာနှစ်ပိုင်း ပိုင်းပြီးပြေးဆွဲပေးပါမယ်။ ယာဉ်စီးခကတော့ အောင်မင်္ဂလာအဝေးပြေးကနေ သခင်မြပန်းခြံ တစ်ပိုင်းကို ဘယ်ကနေစီးစီး ငါးရာကောက်ခံပါမယ်။ အောင်မင်္ဂလာအဝေးပြေးကနေ ပြန်ဝင်တဲ့လမ်းကြောင်းကိုလည်း ဘယ်ကနေစီးစီး ငါးရာသတ်မှတ်ထားပါတယ်။ City Transit အနေနဲ့ ယာဉ်စီးရေ ၃၉ စီးနဲ့ တင်ထားပါတယ်။ ဒါ့အပြင် လိုအပ်ချက်အပေါ်မူတည်ပြီး ဆောင်ရွက်မယ့်နေအထားလည်း ရှိပါတယ်။ ပြေးဆွဲမယ့် ယာဉ်တွေဟာ Scania အမျိုးအစားတွေဖြစ်ပါတယ်။ ယာဉ်ရဲ့အလျားကလည်း သာမန်ယာဉ်တွေထက်ပိုရှည်ပြီး တည်ဆောက်ပုံကလည်း ဒီယာဉ်အမျိုးအစားတွေထဲမှာ ထိပ်တန်းထဲမှာ ပါ ပါတယ်။ ပြေးဆွဲမယ့်ကုမ္ပဏီဘက်ကိုပြန်ကြည့်မယ်ဆိုရင်လည်း Scania မှာ ကိုယ်ပိုင်ပုံစံရှိပါတယ်။ တစ်ကမ္ဘာလုံးမှာ Scania ရုံးတွေဟာ တစ်ပုံစံထဲသွားပါတယ်။ ဖွင့်ကတည်းကိုက သူတို့အနေနဲ့ ဒါတွေကိုပြင်ဆင်ရတာဖြစ်ပါတယ်။ သူတို့ယာဉ်တွေကို လမ်းပေါ်မှာမထားနိုင်တဲ့အတွက် ယာဉ်ရပ်ကွင်းတွေတည်ဆောက်တယ်။ အဲဒီအချိန် မိုးကအရမ်းရွာတော့ တည်ဆောက်ရေးတွေကြန့်ကြာသွားတဲ့အတွက် ကုမ္ပဏီအနေနဲ့လည်း အခက်အခဲတွေ့ရပါတယ်။ ဒါပေမဲ့ စက်တင်ဘာလ နောက်ဆုံးပတ်မှာ စတင်ပြေးဆွဲနိုင်ဖို့ကို တိုက်တွန်းထားပြီးဖြစ်သလို ပြီးခဲ့တဲ့သြဂုတ်လထဲမှာလည်း အဲဒီယာဉ်တွေနဲ့လမ်းကြောင်းတွေကို စစ်ဆေးပြီးဖြစ်ပါတယ်။ နောက်ပြီးယာဉ်တွေပေါ်မှာ မှတ်တိုင်အသိပေး အသံစနစ်တွေ တပ်ဆင်ပြီးဖြစ်သလို ယာဉ်မောင်းတွေကိုလည်း သင်တန်းပေးနေပါတယ်။ ခရီးသွားပြည်သူလူထုကို အထောက်အပံ့ပေးနိုင်မယ့် facilities တွေ GPS တွေ Telematics စနစ်တွေကိုလည်း တပ်ဆင်ပြီးဖြစ်ပါတယ်။ ဒီလ နောက်ဆုံးပတ်မှာ စတင်ပြေးဆွဲဖို့ကို အသိပေးထားပါတယ်။”

ဟု YRTA တွဲဖက်အတွင်းရေးမှူးဦးလှအောင်မှ ပြောကြားခဲ့သည်။

Yangon Circular Bus (ရန်ကုန်မြို့ပတ်ယာဉ်လိုင်း) ကို အောင်မင်္ဂလာအဝေးပြေး - သခင်မြပန်းခြံ - အောင်မင်္ဂလာအဝေးပြေး ခရီးစဉ်လမ်းကြောင်းဖြင့်ပြေးဆွဲသွားမည်ဖြစ်ပြီး ပြေးဆွဲမှတ်တိုင်များမှာ အောင်မင်္ဂလာအဝေးပြေး - (၆) ကွေ့ - မြောက်ဥက္ကလာအဝိုင်း - ဂန္ဓမာ Wholesale - ညောင်ပင် - ဘေလီ - စံပြဈေး - သွားဆေးတက္ကသိုလ် - သုဝဏ္ဏဈေး - ပုဇွန်တောင် - ဗိုလ်တစ်ထောင် - ကမ်းနားလမ်း - သခင်မြပန်းခြံ - ကြည့်မြင်တိုင်ကမ်းနားလမ်း - ဘုရင့်နောင်လမ်း - ဘုရင့်နောင်လမ်းဆုံ - သမိုင်းလမ်းဆုံ - (၈) မိုင် - မြောက်ဥက္ကလာအဝိုင်း -  (၆) ကွေ့ - အောင်မင်္ဂလာအဝေးပြေးတို့ဖြစ်ကြောင်းသိရသည်။

Author

Comments