Taxi ယာဉ်များထိန်းချုပ်ရန်နှင့် Operator ပုံစံသို့ပြောင်းလဲနိုင်ရန် တိုင်းဒေသကြီးအစိုးရထံ မူဝါဒတောင်းခံသွားမည်

0

Full article

City Taxi ယာဉ်အရေအတွက်များကို ကညန နှင့်တိုက်ဆိုင်စစ်ဆေးပြီးနောက် တိုင်းဒေသကြီးအစိုးရထံတင်ပြကာ Taxi ယာဉ်များထိန်းချုပ်ရန်နှင့် Operator ပုံစံသို့ပြောင်းလဲနိုင်ရန် မူဝါဒတောင်းခံသွားမည်ဖြစ်ပြီး Taxi ယာဉ်များရပ်နားရန် Taxi Stand များကိုလည်းပိုမိုဖော်ဆောင်ပေးသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ (YRTA) တွဲဖက်အတွင်ရေးမှူးမှပြောကြားခဲ့သည်။


“အခု Taxi ယာဉ်စာရင်းတွေက ဖောင်းပွနေတယ်။ စာရင်းထဲမှာရှိတဲ့ ၆၇,၀၀၀ ကျော်ဆိုတာ ဟုတ်ရဲ့လားလို့မေးစရာရှိတယ်။ ဒါကြောင့် ၆၇,၀၀၀ ကျော်ရှိတဲ့ Taxi ယာဉ်တွေမှာ ယာဉ်အိုယာဉ်ဟောင်းအပ်နှံလိုက်တဲ့ယာဉ်စာရင်းတွေပါအကုန်ပါနေတယ်။ ဒါကြောင့် YRTA ရဲ့စာရင်းနဲ့ ကညန က စာရင်းကို တိုက်ဆိုင်စစ်ဆေးပြီးအတည်ပြုမယ်။ အတည်ပြုပြီးရင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဆီကို တင်ပြသွားမယ်။ တင်ပြပြီးရင် ဒီယာဉ်တွေကို ဘယ်လိုထိန်းချုပ်မလဲဆိုတဲ့ မူဝါဒတစ်ခုကိုတောင်းခံသွားမှာပါ။ နောက်တစ်ခုက စည်းကမ်းထိန်းသိမ်းရေးပိုင်းပါဒီအပိုင်းမှာလည်း Taxi ယာဉ်တွေနဲ့ပတ်သက်တဲ့ စည်းကမ်းဖောက်ဖျက်မှုတွေကလည်းအများကြီးရှိသေးတယ်။ ဥပမာ ပြောရရင် Taxi Stand တွေကို ပြည့်ပြည့်ဝဝ မလုပ်ပေးနိုင်တဲ့အတွက် အဆင်ပြေတဲ့နေရာတွေမှာ ရပ်နေကြရတယ်။ ဒါကြောင့် ကျွန်တော်တို့အနေနဲ့ Taxi Stand တွေကိုဖော်ဆောင်ပေးရမယ်။ ဒါတွေအတွက်လည်းမျှော်မှန်းထားပါတယ်။ YCDC အနေနဲ့လည်း အခုဆိုရင် ရန်ကုန်ဆေးရုံကြီးရှေ့၊ ပြည်သူ့ဥယျာဉ်ထောင့်နဲ့အခြားနေရာ တော်တော်များများမှာ Taxi Stand တွေဖော်ဆောင်နေတာပါ။ ပြီးရင် ယာဉ်စည်းကမ်းထိန်းသိမ်းရေးနဲ့ပူးပေါင်းပြီး စည်းကမ်းထိန်းသိမ်းရေးကိုလုပ်သွားမှာပါ။ ဘယ်လိုလုပ်ရမလဲဆိုရင် ဥပမာ ဘတ်စ်ကားမှတ်တိုင်တွေမှာရှိနေတဲ့ Taxi ယာဉ်တွေကိုရှင်းရမယ်။ ဖြူနီကြားမရပ်ရဆိုတဲ့နေရာတွေမှာ ရပ်နေတာတွေကို ထိန်းကျောင်းပေးရမယ်။ ဒီလိုလုပ်မယ်ဆိုရင်တော့ ဒီ Taxi ယာဉ်တွေရပ်ဖို့အတွက်နေရာတွေကိုတော့ ပြည့်စုံအောင်လုပ်ပေးရမယ်။ နောက်တစ်ချက်က စီးနင်းသူပြည်သူများပိုမိုအဆင်ပြေချောမွေ့စေရေးပေါ့။ ဒီအတွက် မူဝါဒတစ်ခုတောင်းခံရပါမယ်။ ဒီကားတွေအားလုံးကို Operator ပုံစံထိန်းကျောင်းမယ့်အစိုးရအဖွဲ့အစည်းလို အဖွဲ့အစည်းတစ်ခုဖွဲ့စည်းပြီး မူဝါဒတစ်ခုနဲ့ ဆောင်ရွက်ရပါမယ်။ အချုပ်ပြောရရင်တော့ ကျွန်တော်တို့ရဲ့ယာဉ်စီးရေကို ကညန နဲ့တိုက်ဆိုင်စစ်ဆေးပြီး စာရင်းမှန်အောင်ဆောင်ရွက်မယ်။ ပြီးရင်ပြေးဆွဲမှုပုံစံကို Operator စနစ်သွားမယ်၊ ဘယ်လိုသွားမယ်ဆိုတာကိုတော့ တိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ မူဝါဒ ချမှတ်ပေးမှုအပေါ်မှာဆောင်ရွက်သွားပါမယ်”

ဟု YRTA တွဲဖက်အတွင်းရေးမှူး ဦးလှအောင်မှ ပြောကြားခဲ့သည်။

City taxi ကို မြို့တော်အင်္ဂါရပ်နှင့် ညီညွတ်သော taxi ယာဉ်များဖြစ်ရေး၊ စည်းကမ်းထိန်းသိမ်းမှုဆောင်ရွက်နိုင်ရေး၊ ငှားရမ်းအသုံးပြုစီးနင်းသူများအဆင်ပြေစေရေးဟူသော ရည်ရွက်ချက်များဖြင့် ၂၀၀၁ ခုနှစ်တွင်စတင်ဆောင်ရွက်ခဲ့ပြီး ၂၀၀၂ ခုနှစ်တွင် ယာဉ်စည်းကမ်းထိန်းသိမ်းမှုကော်မတီ၏ ဆပ်ကော်မတီတစ်ခုဖြစ်သော taxi ယာဉ်ကြီးကြပ်ရေးကော်မတီမှ city taxi မှတ်ပုံတင်ခြင်းကိုဆောင်ရွက်ခဲ့သည်။

Author