YBS ယာဉ်ဟောင်းများအားလုံး ဝန်ဆောင်မှုပေးရာတွင် နှင့် ကြံ့ခိုင်မှုအားနည်းလာပါက ပြေးဆွဲခြင်းကို လက်ခံမည်မဟုတ်

0

Full article

၁၉၉၉ -၂၀၀၃ ခုနှစ်မော်ဒယ် YBS ယာဉ်ဟောင်းများအပ်နှံရန်အတွက် တင်ပြထားသော ယာဉ်စီးရေ ၁၄၁ စီးရှိနေပြီး အဆိုပါစာရင်းအား ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့( YRTA) မှ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ထံတင်ပြထားကာ၊ ရှိသမျှ ယာဉ်ဟောင်းအားလုံးကို ချက်ချင်းအပ်နှံစေမည်မဟုတ်သော်လည်း ဝန်ဆောင်မှုပေးရာတွင်နှင့် ကြံ့ခိုင်မှုအားနည်းလာသော ယာဉ်ဟောင်းများပြေးဆွဲခြင်းကို လက်ခံမည်မဟုတ်ကြောင်း YRTA ထံမှသိရသည်။

၁၉၉၃ ခုနှစ်မှ ၂၀၀၃ ခုနှစ်ထုတ် YBS ယာဉ်ဟောင်းများကို လူစီးယာဉ်တင်သွင်းခွင့်ပါမစ်ဖြင့် အပ်နှံခွင့်ပြုသွားမည်ဖြစ်ပြီး YRTA ထံတွင် အပ်နှံရန်အတွက်တင်ပြထားသောYBSယာဉ်စီးရေ ၁၄၁ စီးရှိနေပြီး အမြန်ဆုံးအပ်နှံခွင့်ရရှိရန်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း YRTA ထံမှသိရသည်။ ထို့အပြင် YBS ယာဉ်လိုင်းများထဲတွင် အပ်နှံခွင့်သတ်မှတ်ချက်မော်ဒယ်နှင့် ကိုက်ညီသောယာဉ်ဟောင်းစီးရေ ၇၀၀ ကျော်ရှိနေပြီး ရှိသမျှ ယာဉ်ဟောင်းများကို ချက်ခြင်းအပ်နှံစေမည်မဟုတ်သော်လည်း ဝန်ဆောင်မှုပေးရာတွင်အားနည်းလာသော အလွန်အမင်းဟောင်းနေသည့် ယာဉ်ဟောင်းများပြေးဆွဲခြင်းကို လက်ခံမည်မဟုတ်ကြောင်း YRTA တွဲဖက်အတွင်းရေးမှူးမှပြောကြားခဲ့သည်။

“လက်ရှိအချိန်အထိအပ်နှံဖို့အတွက် တင်ပြထားတာက ယာဉ်စီးရေ ၁၁၅ စီး နဲ့ နောက်ထပ်မံပြီး တင်ပြလာတာက ၂၆ စီး၊ စုစုပေါင်း ၁၄၁ စီးကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ကိုတင်ပြထားပါတယ်။ တိုင်းဒေသကြီးအစိုးရအဖွဲ့ကလည်း ပြည်ထောင်စုကိုတင်ပြထားပါတယ်။ ကညန ရုံးချုပ်ကိုရောက်နေပြီလို့တော့သိရပါတယ်။ ဒီယာဉ်တွေအမြန်ဆုံးအပ်နှံခွင့်ရရေးအတွက် ကညန ကိုအကူအညီတောင်းပြီးဆောင်ရွက်သွားမှာပါ။ လက်ရှိထိတော့ အပ်နှံခွင့်ကျွန်တော့်လက်ထဲမှာ မရောက်သေးပါဘူး။”

ဟု YRTA တွဲဖက်အတွင်းရေးမှူး ဦးလှအောင်မှပြောကြားခဲ့သည်။

ထို့အပြင် YBS ယာဉ်စီးရေ စုစုပေါင်း ၆၃၀၀ ကျော်ရှိသည့်အနက် ယာဉ်စီးရေ ၇၀၀ ခန့်မှာ ယာဉ်အိုယာဉ်ဟောင်းအပ်နှံလိုက်ပါက YBS ပြေးဆွဲမှုတွင် ယာဉ်စီးရေလျော့နည်းသွားမည့်ကိစ္စနှင့်စပ်လျဉ်း၍

“ ဒီယာဉ်တွေသွားရင် ဘယ်လိုအစားထိုးမလဲဆိုတော့၊ ကျွန်တော်တို့ အကုန်လုံးတစ်ပြိုင်တည်း အပ်သွားမှာမဟုတ်ပါဘူး။ အခုအပ်နှံမယ့်ယာဉ်တွေအတွက်လည်း သူ့လမ်းကြောင်းမှာ ယာဉ်တွေရှိပြီးသားပါ။ ဒါအပြင် ပြေးဆွဲဖို့အတွက် သတင်းပို့ပြီးစောင့်နေတဲ့ ယာဉ်တွေလည်းရှိပါတယ်။ အဲဒီကားတွေနဲ့လည်း ဖြည့်စွက်ပြေးဆွဲသွားမှာပါ။ ဘာကြောင့် ဒီယာဉ်ဟောင်းတွေကို ချက်ခြင်းမအပ်ဘူး ပြောလည်းဆိုတော့ အချို့ယာဉ်ပိုင်ရှင်တွေက ယာဉ်တွေကို ဘော်ဒီတွေပြင်ထားတယ်၊ နောက် CNG အိုးတွေလဲထားတယ်။ ဒါကြောင်းဒီကားကို ချက်ချင်းမအပ်နှံနိုင်သေးဘူး။ တစ်နှစ်တန်သည် နှစ် နှစ်တန်သည် သူပြေးဆွဲဦးမှာပေါ့။ သို့သော်ဒီလိုပဲ ပေပြီး ပြေးဆွဲနေရင်း ကားကြီးအရမ်းဟောင်းနေရင်တော့ ကျွန်တော်တို့လက်ခံမှာမဟုတ်ပါဘူး။ ဒါအတွက်ကတော့ နောက်တစ်ပိုင်းသွားရမှာပါ။”

ဟု ထပ်မံပြောကြားခဲ့သည်။


အဆိုပါ YBS ယာဉ်ဟောင်းများအပ်နှံပါက CNG ပါအပ်နှံရမည်ဖြစ်ပြီး၊ အပ်နှံလိုက်သည့် CNG ကို အသစ်ပြေးဆွဲမည့်ယာဉ်များသို့ ပြောင်းလဲတပ်ဆင်ပေးသွားမည်ဖြစ်ကြောင်းသိရသည်။

Author