တက္ကသိုလ်စာမေးပွဲသို့ အချိန်မီရောက်ရှိနိုင်ရန် YBS ယာဉ်လိုင်းတစ်ချို့ လမ်းကြောင်းဖြည့်စွက်ပြေးဆွဲခြင်းများ ဆောင်ရွက်သွားမည်

0

Full article

တက္ကသိုလ်စာမေးပွဲများကာလအတွင်း ကျောင်းသားကျောင်းသူများ သွားလာရလွယ်ကူစေရန်နှင့် စာမေးပွဲသို့အချိန်မီရောက်ရှိနိုင်ရန် YBS ယာဉ်လိုင်းတစ်ချို့ စီမံဆောင်ရွက်မှုပြောင်းလဲခြင်း၊ အရံယာဉ်များထားရှိခြင်း၊ လမ်းကြောင်းဖြည့်စွက်ပြေးဆွဲခြင်းများဆောင်ရွက်သွားမည်ဖြစ်ကြောင်း YRTA ထံမှသိရသည်။

“စက်တင်ဘာလ ၂ ရက်နေ့ကနေ အောက်တိုဘာလ ၄ ရက်နေ့အထိ ရန်ကုန်မှာရှိတဲ့ တက္ကသိုလ်စာမေးပွဲတွေရှိပါတယ်။ ဒါကြောင့် ကျွန်တော်တို့အနေနဲ့ ကျောင်းသူကျောင်းသားတွေ သွားလာရအဆင်ပြေအောင် တချို့လမ်းကြောင်းတွေကို ဂိတ်အဖျားဘက်ကနေ အရင်းကို ပြန်ပြီးပြေးဆွဲပေးတာတွေ၊ ဖြည့်စွက်ပြေးဆွဲပေးတဲ့စနစ်တွေနဲ့စီမံဆောင်ရွက်ပေးနေပါတယ်။ ဥပမာ ဒီလ ၂ ရက်နေ့မှာဆို ရေကြောင်းပညာတက္ကသိုလ်စာမေးပွဲတွေ စနေပါပြီ။ အဲဒီတက္ကသိုလ်ကိုအခြေပြုပြီးပြေးဆွဲနေတဲ့ ၃၂ ယာဉ်လိုင်းဟာ သာမန်လိုပဲပြေးဆွဲနေရင် ကျောင်းသူကျောင်းသားတွေ အချိန်မမီမှာစိုးတဲ့အတွက် သာကေတ ကျောက်တိုင်မှာ ယာဉ် ၃ စီး အသင့်ထားပြီးပို့ဆောင်ပေးနေပါတယ်။ မနက် ၇ နာရီကနေ ၉ နာရီ စာမေးပွဲအချိန်တွေမှာ အဲဒီ ၃ စီးနဲ့ ပြေးဆွဲပေးနေပါတယ်။ ပုံမှန်လမ်းကြောင်းတွေကိုလည်း အရင်လိုပဲပြေးဆွဲနေပါတယ်။ နောက်ပြီး တောင်ပိုင်းခရိုင်သန်လျင်ဆိုရင် သန်လျင်တံတားကိုဖြတ်သန်းရပါတယ်။ ဖြတ်သန်းတဲ့အချိန်မှာ တံတားပေါ်မှာကားပျက်တယ်ဆိုရင်၊ ကားပိတ်တယ်ဆိုရင် ကျောင်းသူကျောင်းသားတွေအတွက် အခက်အခဲမဖြစ်အောင် သန်လျင်ဘက်ခြမ်းမှာ အရံယာဉ်တွေထားရှိပါတယ်။ တကယ်လို့ ကားပျက်တယ်ဆိုရင် ဆယ်တင်ယာဉ်နဲ့ လမ်းကြောင်းဖွင့်ပါတယ်။ ဆယ်တင်ယာဉ်လမ်းကြောင်းဖွင့်နေတဲ့အချိန်မှာ ကျောင်းကိုအချိန်မီရောက်စေဖို့ အရံယာဉ်တွေကို တံတားရဲ့အခြေမှာထားရှိပြီး အချိန်မီပို့ဆောင်ပေးခြင်းကိုလည်းဆောင်ရွက်ပေးနေပါတယ်။ ဒီလထဲမှာ စာမေးပွဲတွေ တောက်လျှောက်ရှိမှာဖြစ်တဲ့အတွက် အခြားခရိုင်တွေအတွက်လည်း ဆောင်ရွက်ပေးထားပါတယ်။ တာမွေဗလီမှာဆိုရင် ၇၆၊ ဗိုလ်တစ်ထောင်မှာ ၃၁၊ လမ်း ၅၀ မှာ ၃၁ ယာဉ်တွေနဲ့သက်ဆိုင်ရာကျောင်းတွေကို ရှေးရှုပြေးဆွဲတဲ့စနစ် ဖြည့်စွက်ပြေးဆွဲပေးနေပါတယ်။ အဓိက အချက်ကတော့ မနက်ပိုင်းမှာ မြို့ထဲကနေပြီး ကျောင်းတွေကိုရှေးရှုထွက်ခွာနိုင်အောင် အရံယာဉ်တွေဖြည့်စွက်ပြီးဆောင်ရွက်နေပါတယ်။” ဟု YRTA တွဲဖက်အတွင်းရေးမှူးဦးလှအောင်မှ ပြောကြားခဲ့သည်။

စက်တင်ဘာလ ၂ ရက်နေ့မှစတင်ကာ တက္ကသိုလ်နှင့်ကောလိပ်စာမေးပွဲများရှိနေသည့်အတွက် YRTA မှ အခြေပြုလိုင်းများနှင့် ဖြတ်သန်းပြေးဆွဲလိုင်းများဆောင်ရွက်နေပြီး  (၂-၉-၂၀၁၉ မှ ၁၃-၉-၂၀၁၉) ထိ ရေကြောင်းပညာတက္ကသိုလ် (သန်လျင်) စာမေးပွဲအတွက် အခြေပြုယာဉ်လိုင်း ၁ လိုင်း၊ ရန်ကုန်စီးပွားရေးတက္ကသိုလ် (ရွာသာကြီး) စာမေးပွဲ (၁၈-၉-၂၀၁၉ မှ ၂၆-၉-၂၀၁၉) ထိ၊ (၁၈-၉-၂၀၁၉ မှ ၃၀-၉-၂၀၁၉) ထိတွင် ဒဂုံတက္ကသိုလ်၊ အရှေ့ပိုင်းတက္ကသိုလ် (သန်လျင်)၊ ရန်ကုန်အနောက်ပိုင်းတက္ကသိုလ် (ထန်းတစ်ပင်) ၊ (၂၃-၉-၂၀၁၉ မှ ၄-၁၀-၂၀၁၉) ထိ နည်းပညာတက္ကသိုလ် (လှိုင်သာယာ) ၊ နည်းပညာတက္ကသိုလ် (သန်လျင်)၊ နည်းပညာတက္ကသိုလ် (မှော်ဘီ) တို့တွင် စာမေးပွဲများကျင်းပသွားမည်ဖြစ်ပြီး ဆုံရပ်မှတ်တိုင်များအနေဖြင့် ဆူးလေ (မြို့တော်ခန်းမ) ၊ သာကေတ (ကျောက်တိုင်) ၊ တာမွေ (ဗလီ)၊ ဗိုလ်တစ်ထောင် (ဘုရား) ၊ လမ်း ၅၀၊ အောင်ဇေယျတံတားအဆင်း၊ တောင်ဒဂုံ (၇၀/၇၁) ဈေး၊ တောင်ဒဂုံ (ကုန်ပဒေသာ) ၊ တောင်ဒဂုံ (ဘုန်းကြီးကျောင်းကွေ့) ၊ ဒဂုံဆိပ်ကမ်း (ယုဇန) စသည့် မှတ်တိုင်များမှ YBS ဘတ်စ်ကားကြီးသုံးစီးနှင့် နံနက် ၇ နာရီမှ ၉ နာရီအထိ ပြေးဆွဲပေးမည်ဖြစ်ကြောင်း YRTA ထံမှသိရသည်။

Author