YBS ယာဉ်မောင်းသင်တန်းကို YRTA မှ ယာဉ်မောင်းကဏ္ဍတိုးတက်ရေးအတွက် ဖွင့်လှစ်လျက်ရှိ

0

Full article

YBS ယာဉ်မောင်းသင်တန်းကို YRTA နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနတို့ပူးပေါင်းကာ ဖွင့်လှစ်လျက်ရှိကြောင်း YRTA ထံမှသိရသည်။


“JICA ရဲ့အစီအမံနဲ့ YBS ကုမ္ပဏီယာဉ်လိုင်းတွေရယ်၊ YRTA ရယ် က လူ ၉ ယောက်ကို ဂျပန်နိုင်ငံမှာ ယာဉ်မောင်းနှင်သူများနဲ့ပတ်သက်တဲ့လိုအပ်တဲ့ လေ့ကျင့်မှုတွေ၊ ထိန်းကြောင်းမှုတွေ၊ ကြီးကြပ်မှုတွေဘယ်လိုလုပ်ကြသလဲဆိုတဲ့ လေ့လာသင်ယူမှုကို ဆောင်ရွက်နေကြပါတယ်။ ယာဉ်မောင်းဆိုတာ တကယ်တမ်းတော့ ခရီးသွားပြည်သူတွေနဲ့အဓိက ထိတွေ့ရတာပါ။ ဒါကြောင့် ယာဉ်မောင်းကဏ္ဍကို ပေါ့ပေါ့မထားပါဘူး။ ယာဉ်မောင်းကဏ္ဍအတွက် YBS အထူးယာဉ်မောင်းသင်တန်းကို YRTA နဲ့ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနတို့ပူးပေါင်းပြီး သင်တန်းဖွင့်ခဲ့တာ အခုဆို (၁၉) ကြိမ် ရှိခဲ့ပါပြီ။ ယာဉ်မောင်းတွေနဲ့ပတ်သက်ပြီး သုတေသနတွေလည်းလုပ်ထားပါတယ်။ ယဉ်မောင်း ၂,၂၀၀ လောက်တက်ခဲ့ပြီး ၁,၈၀၀ ကျော်လောက်အောင်မြင်ပါတယ်။ ဒီကားကြီးကိုမောင်းဖို့က ‘င’ လုပ်ငန်းလိုင်စင်ရမှ မောင်းခွင့်ရှိတာပါ။ အားလုံးသိတဲ့အတိုင်းပဲ။ အရင် မထသ ခေတ်မှာ ‘ခ’ လည်းတက်မောင်း၊ ‘ဂ’ လည်းတက်မောင်း၊ ‘ဃ’ လည်းတက်မောင်းကြတယ်။ သတ်မှတ်လိုင်စင်မရှိပဲမောင်းခဲ့ကြလို့ ယာဉ်မတော်တဆမှုတွေဖြစ်ခဲ့ကြတယ်။ ဒီသင်တန်းဖွင့်ပြီးနောက်မှာ ယာဉ်မတော်တဆမှုတွေအများကြီး လျော့နည်းသွားတာတွေ့ရပါတယ်။ သင်တန်းတက်တဲ့အခါ ယာဉ်မောင်းသက်တမ်း ၃ နှစ်ရှိတဲ့သူကို ၁ လ သင်တန်း ပေးတဲ့အပြင် စိတ်ပညာစစ်ဆေးတယ်။ မျက်စိအာရုံ၊ နားအကြားအာရုံတွေစစ်ဆေးတယ်။ ဒါတွေအားလုံးအောင်မှ ဒီသင်တန်းကိုတက်ခွင့်ပေးပါတယ်။ အဲဒီနောက်မှာ ကညန ကနေ အထူးစစ်ဆေးရေးအဖွဲ့နဲ့ စစ်ဆေးပါတယ်။ အောင်မှ YBS အတွင်း ယာဉ်မောင်းနှင့်ခွင့်ဆိုပြီး ‘င’ လုပ်ငန်းလိုင်စင်ထုတ်ပေးပါတယ်။ ဘာတွေပို့ချသလဲဆိုတော့ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းကတော့ မပါမဖြစ်ပေါ့။ ဒါ့အပြင် ပြည်သူ့နီတိပေါ့။ ဝန်ဆောင်မှုပေးတဲ့သူဟာ ဘယ်လိုစိတ်ထားရမယ်ဆိုတာကို ပြင်ပ ပညာရှင်တွေဖိတ်ကြားပြီး လေ့ကျင့်ပေးနေပါတယ်။ အခုဖြစ်နေတဲ့ မတော်တဆမှုတွေ၊ ခိုက်ရန်ဖြစ်ပွားမှုတွေမှာ ပြန်ကြည့်ရင် ဒီသင်တန်းဆင်းတဲ့သူတွေ မပါသလောက်ရှိတာတွေ့ရပါတယ်။ ဒါ တိုးတက်မှုတစ်ခုပါပဲ။ ရှေ့ကိုလည်းဆက်ပြီး တိုးတက်အောင်ဆောင်ရွက်သွားမှာပါ။”

ဟု YRTA တွဲဖက်အတွင်းရေးမှူး ဦးလှအောင်မှပြောကြားခဲ့သည်။

YBS အထူးယာဉ်မောင်းတက်ရောက်လိုသူများအနေဖြင့် ‘ခ’ လိုင်စင် (၃) နှစ်ပြည့်၍ အသက် (၂၃) နှစ်ပြည့်သူ ဖြစ်ရမည်။ ‘ဃ’ နှင့် ‘င’ လိုင်စင်ရရှိပြီးသူများလည်း တက်ရောက်နိုင်သည်။ လိုင်စင်မိတ္တူ၊ မှတ်ပုံတင်မိတ္တူ၊ ရပ်ကွက်/ရဲစခန်းထောက်ခံစာမူရင်း၊ လေဘာမိတ္တူ၊ နောက်ခံအပြာ ပတ်(စ်)ပို့ဓါတ်ပုံ ၃ ပုံတို့ကို လျှောက်လွှာ နှင့်အတူတင်ရမည်ဖြစ်ပြီး လျှောက်လွှာကို YRTA ရုံးတွင် အခမဲ့ရယူနိုင်ကြောင်းသိရသည်။

Author