တက္ကသိုလ်လေးခုချိတ်ဆက်ပြေးဆွဲမည့် ယာဉ်လိုင်းသစ်အတွက် ယခုလအတွင်းပြေးဆွဲနိုင်ရန် ဆောင်ရွက်လျက်ရှိ

0

Full article

တက္ကသိုလ်လေးခု ချိတ်ဆက်ပြေးဆွဲမည့်ယာဉ်လိုင်းသစ်ကို ဖေဖော်ဝါရီလအတွင်း ပြေးဆွဲနိုင်ရန်ဆောင်ရွက်နေကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ (YRTA) ထံမှသိရသည်။

“တက္ကသိုလ်လေးခု ချိတ်ဆက်ပြေးဆွဲဖို့အတွက် တင်ပြထားတာက Omni Focus ကုမ္ပဏီကပါ။ တက္ကသိုလ်ကျောင်းသားတွေရဲ့ သွားလာမှုကို အထောက်အကူပြုနိုင်ဖို့အတွက် ရည်ရွယ်ပြီး တက္ကသိုလ် လေးခုချိတ်ဆက်ပြေးဆွဲမယ့် ဒီယာဉ်လိုင်းကိုပြေးဆွဲလိုကြောင်း တင်ပြလာတဲ့အခါ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ကနေ ခွင့်ပြုပြီးဖြစ်ပါတယ်။ ကုမ္ပဏီဘက်ကလည်း အမြန်ဆုံးပြေးဆွဲနိုင်အောင်ကြိုးစားနေပါတယ်။ ဒါပေမဲ့ ယာဉ်တွေကိုယာဉ်လိုင်းကနေ ထုတ်နှုတ်ပြီးပြေးဆွဲတဲ့နေရာမှာ ပြေးဆွဲခွင့်လိုင်စင်ရအောင်ဆောင်ရွက်ရတာတွေ၊ လမ်းကြောင်းပြောင်းလဲတာတွေကို လုပ်ငန်းလိုင်စင်ဥပဒေနဲ့အညီဆောင်ရွက်ရပါတယ်။ လမ်းကြောင်းသစ်တစ်ခုပြေးဆွဲတဲ့နေရာမှာ ထုတ်နှုတ်ပြီးပြေးဆွဲရတဲ့အခါ ကျန်ခဲ့တဲ့ ယာဉ်လမ်းကြောင်းမှာလည်း ပြေးဆွဲမှုမပျက်အောင်ဆောင်ရွက်ရပါတယ်။ ၂၀၂၀ ဖေဖော်ဝါရီလ၊ ဒီလထဲကို ပြေးဆွဲနိုင်ရေးကို ကြိုးစားပြီးဆောင်ရွက်နေပါတယ်”

ဟု YRTA တွဲဖက်အတွင်းရေးမှူး ဦးလှအောင်မှပြောကြားခဲ့သည်။


တက္ကသိုလ်လေးခုသို့ ချိတ်ဆက်ပြေးဆွဲရန်တင်ပြထားသည့် လမ်းကြောင်းများမှာ (၁) အသွားလမ်းကြောင်း အနေဖြင့် လှိုင်သာယာနည်းပညာတက္ကသိုလ် (ဂိတ်ရင်း) - ရန်ကုန်ပုသိမ်လမ်း - အနော်ရထာလမ်း - ရွှေပြည်သာတံတား - ရွှေပြည်သာတံတားလမ်း - ဒညင်းကုန်းလမ်းဆုံ - ခရေပင်လမ်း - အမှတ် (၃) လမ်းဆုံ - အောင်မင်္ဂလာအဝေးပြေးကွင်း - ၆ ကွေ့ - သုဓမ္မာလမ်း - ခေမာသီလမ်း - ဆေးတက္ကသိုလ် (၂) - မြောက်ဥက္ကလာအဝိုင်း - စက်မှုလမ်း - ဗိုလ်မှူးဗထူးလမ်း - ကျန်စစ်သားလမ်း - မင်းရဲကျော်စွာလမ်း - တော်ဝင်လမ်း - ဒဂုံတက္ကသိုလ် - ဗိုလ်မှူးဗထူးလမ်း - ကျန်စစ်သားလမ်း - အမှတ် (၂) လမ်းမကြီး - ရွာသာကြီး စီးပွားရေးတက္ကသိုလ် (ဂိတ်ဖျား) တို့ဖြစ်ပြီး အပြန်လမ်းကြောင်းအနေဖြင့် ရွာသာကြီး စီးပွားရေးတက္ကသိုလ် (ဂိတ်ဖျား) - အမှတ်(၂) လမ်းမကြီး - ကျန်စစ်သားလမ်း - မင်းရဲကျော်စွာလမ်း - တော်ဝင်လမ်း - ဒဂုံတက္ကသိုလ် - ဗိုလ်မှူးဗထူးလမ်းမှ လာလမ်းအတိုင်း လှိုင်သာယာ နည်းပညာတက္ကသိုလ် (ဂိတ်ဖျား) သို့ ပြေးဆွဲသွားရန်တင်ပြထားပြီး ယာဉ်စီးရေ ၂၇ စီးဖြင့်ပြေးဆွဲရန် စီစဉ်ထားကြောင်း သိရသည်။

Author