ရန်ကုန်တိုင်းအတွင်း City Taxi မှတ်ပုံတင်ရန် ကျန်ရှိနေသေးသော Taxi ယာဉ်စီးရေ ၄၀၀ နီးပါးခန့်ရှိနေသေး

0

Full article

ရန်ကုန်တိုင်းအတွင်း City Taxi မှတ်ပုံတင်ရန်ကျန်ရှိနေသေးသော Taxi ယာဉ်စီးရေ ၄၀၀ နီးပါးခန့် ကျန်ရှိနေသေးကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ (YRTA) ထံမှသိရသည်။


ရန်ကုန်တိုင်းအတွင်းရှိဖောင်းပွနေသော Taxi ယာဉ်စီးရေစာရင်းမှန်ကန်စေရန်နှင့် နောင်တွင်ပိုမိုကောင်းမွန်သော Taxi ယာဉ်သယ်ယူပို့ဆောင်ရေးစနစ်သို့ ပြောင်းလဲရန်အတွက်  YRTA တွင် ရှိသော City Taxi မှတ်ပုံတင်ထားသည့် ယာဉ်စီးရေစာရင်းနှင့် ကညနတွင်ရှိသော Taxi ယာဉ်စီးရေစာရင်းတို့ကို တိုက်ဆိုင်စစ်ဆေးခြင်းအား ဒီဇင်ဘာလ ပထမအပတ်တွင်ပြုလုပ်ခဲ့ကြောင်းသိရသည်။ ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလအထိ စာရင်းများအရ YRTA ထံတွင်မှတ်ပုံတင်ထားသောယာဉ်စီးရေမှာ ၆၇,၇၈၈ စီးရှိနေပြီး၊ ကညနတွင် ရှိသော Taxi ယာဉ်စီးရေစာရင်းမှာ ၆၈,၁၈၆ စီးရှိနေကြာင်း သိရသည်။ (AA, BB )စသည့် အက္ခရာအပူးTaxi ယာဉ် ၄၇၃ စီးနှင့် အက္ခရာနှင့်နံပါတ် Taxi ယာဉ်စီးရေ ၁၇၀၂ စီး၊ စုစုပေါင်း ၂၁၇၅ စီးမှာ ပယ်ဖျက်ရမည့်စာရင်းထဲတွင်ပါရှိနေသည့်အတွက် ၃၉၈ စီးမှာ City Taxi မှတ်ပုံတင်ရန်ကျန်ရှိနေသေးကြောင်း YRTA ထံမှသိရသည်။ထိုကဲ့သို့စာရင်းအရ ကျန်ရှိနေသေးသော်လည်း နယ်များတွင်လည်း YGN နံပါတ်Taxi ယာဉ်များလည်းရှိနေသေးကြောင်း YRTA တွဲဖက်အတွင်းရေးမှူးမှပြောကြားခဲ့သည်။

“ကျွန်တော်အနေနဲ့ အတည်ပြောလို့မရတာက YGN နံပါတ်နဲ့ Taxi တွေဟာလည်း မြန်မာပြည်အနှံ့မှာရှိပါတယ်။ ကျွန်တော်တို့ဆီမှာလည်း မန္တလေး၊ ဧရာဝတီစတဲ့နယ် Taxi ယာဉ်တွေလည်းရှိနေပါတယ်။ ပြန်ပြီးခြုံကြည့်ရင်တော့ ၆ သောင်းကျော်သောကားတွေမှာ စီးရေ ၄၀၀ နီးပါးလောက်ပဲ ကျန်တယ်ဆိုတော့ Taxi ယာဉ်တွေဟာ YRTA နဲ့ပူးပေါင်းဆောင်ရွက်မှုမှာ ရာနှုန်းပြည့်နီးပါးရှိတယ်လို့ဆိုရမှာဖြစ်ပါတယ်”

ဟု YRTA တွဲဖက်အတွင်းရေးမှူး ဦးလှအောင်မှ ၂၀၁၉ ဒီဇင်ဘာလ ၁၈ ရက်နေ့တွင်ပြုလုပ်ခဲ့သော YRTA ၏ မီဒီယာတွေ့ဆုံပွဲ(၁၅/ ၂၀၁၉) တွင်ပြောကြားခဲ့သည်။

ထို့အပြင် လာမည့်အနာဂတ်တွင် မူဝါဒတစ်ခုတောင်းခံကာ ပိုမိုကောင်းမွန်သော Taxi ယာဉ် သယ်ယူပို့ဆောင်ရေးနှင့် Taxi ယာဉ်များဖွံ့ဖြိုးတိုးတက်ရေးအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ယာဉ်စည်းကမ်းထိန်းသိန်းကြီးကြပ်မှုကော်မတီ၊ နည်းပညာအထောက်အပံ့ပြုအဖွဲ့များနှင့် ပူးပေါင်းကာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းထပ်မံပြောကြားခဲ့သည်။

Author