နယ်တက္ကစီယာဉ်များကို ဥပဒေနှင့်အညီ ထိန်းသိန်းဆောင်ရွက်ပေးရန်အတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ဌာနသုံးခုကို တာဝန်ပေးအပ်ထား

0

Full article

ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ ဝင်ရောက်ပြေးဆွဲနေသော နယ်တက္ကစီယာဉ်များကို ဥပဒေနှင့်အညီ ထိန်းသိန်းဆောင်ရွက်ပေးရန်အတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က YRTA ၊ ကညန၊ လုပ်ငန်းလိုင်စင်နှင့် သယ်ယူပို့ဆောင်မှုကြီးကြပ်ရေးဌာနတို့ကို တာဝန်ပေးအပ်ထားကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ (YRTA) ထံမှ သိရသည်။

“ဖွဲ့စည်းပုံအခြေခံဥပဒေ ပေါ်ပေါက်ပြီးတော့ ပြီးခဲ့တဲ့ တိုင်းဒေသကြီးအစိုးရများလက်ထက်မှာ မိမိတိုင်းဒေသကြီးများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တက္ကစီယာဉ်များတင်သွင်းခြင်းဆိုတဲ့ လုပ်ငန်းတစ်ခုကိုဆောင်ရွက်ခဲ့ပါတယ်။ ဒီနေရာမှာ ကန့်သတ်ချက်က ဘာလဲဆိုတော့ မိမိတိုင်းဒေသကြီး ဖွံ့ဖြိုးတိုးတက်ရေးအတွက်သာ တက္ကစီယာဉ်တွေကို တင်သွင်းခွင့်ပေးခဲ့ခြင်းဖြစ်ပြီး အဆိုပါယာဉ်တွေဟာ ရာသက်ပန် တက္ကစီ ယာဉ်တွေဖြစ်ရမယ်၊ ယာဉ်တွေမှာ သတ်မှတ်တဲ့ အရောင်ကန့်သတ်ချက်တွေ စသဖြင့်တပ်ဆင်သလို၊ မီတာစနစ်တွေနဲ့ စသဖြင့် ဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ရမယ်လို့ ခွင့်ပြုချက်တွေနဲ့ တင်သွင်းခွင့်ပြုခဲ့တာဖြစ်ပါတယ်။ သို့သော် အခု ကျွန်တော်တို့ ရန်ကုန်တိုင်းမှာ AYA ရှိတယ်၊ MDY ရှိတယ်၊ MON ရှိတယ် အကုန်လုံးရှိနေပါတယ်။ ဒီလို တိုင်းဒေသကြီး ဖွံ့ဖြိုးတိုးတက်ရေးအတွက်ပေးတဲ့ကားတွေဟာ ရန်ကုန်တိုင်းအတွင်း ရောက်လာပြီး အခြေပြု ဆောင်ရွက်တဲ့အတွက် ကျွန်တော်တို့ဆီမှာ မှန်မှန်ကန်ကန် မှတ်ပုံတင်ထားတဲ့ ရန်ကုန်တိုင်းဒေသကြီးမှတ်ပုံတင် တက္ကစီ ယာဉ်တွေမှာ လုပ်ငန်းအပေါ်မှာ အများကြီး ယှဉ်ပြိုင်မှုတွေဖြစ်လာခဲ့ပါတယ်။ ရန်ကုန်တိုင်းဒေသကြီးက တက္ကစီယာဉ်တွေကတော့ YRTA ကဆောင်ရွက်တဲ့အတိုင်း City Taxi မှတ်ပုံတင်တယ်၊ အခွန်တွေပေးတယ် စသဖြင့် လိုက်နာဆောင်ရွက်နေကြရပါတယ်။ ကျွန်တော်တို့က ကျွန်တော်တို့ တိုင်းဒေသကြီးအတွင်းမှာ ပြေးဆွဲနေတဲ့ တက္ကစီယာဉ်တွေရဲ့ မှန်ကန်စွာ လုပ်ငန်းဆောင်ရွက်နိုင်မှုအတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ကနေ YRTA ရယ်၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနရယ်၊ လုပ်ငန်းလိုင်စင်နှင့် သယ်ယူပို့ဆောင်မှုကြီးကြပ်ရေး ဌာနရယ်တို့ကို တာဝန်ပေးပြီးတော့ အခြားတိုင်းဒေသကြီးများမှ ရန်ကုန်တိုင်းအတွင်းဝင်ရောက်ပြေးဆွဲနေတဲ့ တက္ကစီ ယာဉ်တွေကို ဥပဒေနဲ့အညီ ထိန်းသိမ်းဆောင်ရွက်ပေးဖို့ကို တာဝန်ပေးအပ်ထားပါတယ်။ ၁၀.၃.၂၀၂၀ ရက်နေ့မှာ ပြုလုပ်ခဲ့တဲ့ YRTA ဥက္ကဋ္ဌ ဝန်ကြီးဒေါ်နီလာကျော် ဦးဆောင်တဲ့ အစည်းအဝေးမှာလည်း ဒီကိစ္စရပ်အပေါ်မှာ ထပ်မံပြီး တာဝန်ပေးအပ်ထားပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့ YRTA အပိုင်းကတော့ ဒီကိစ္စရပ်အပေါ်မှာ ထုတ်ပြန်ထားတဲ့ စည်းမျဉ်း၊ စည်းကမ်း ဥပဒေများနဲ့အညီ ထိန်းကျောင်းပေးနိုင်ဖို့ ဆောင်ရွက်သွားမှာဖြစ်ပါတယ်”

ဟု YRTA တွဲဖက်အတွင်းရေးမှူး ဦးလှအောင်မှ ၂၀၂၀ ပြည့်နှစ် မတ်လ ၁၁ ရက်နေ့တွင်ပြုလုပ်ခဲ့သော YRTA ၏ မီဒီယာတွေ့ဆုံပွဲတွင် ပြောကြားခဲ့သည်။

၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလအထိ စာရင်းများအရ YRTA ထံတွင်မှတ်ပုံတင်ထားသော City Taxi ယာဉ်အရေအတွက်မှာ ၆၅,၆၂၀ စီး ရှိကြောင်း သိရသည်။

Author