YBS ယာဉ်ဟောင်း ၁၂၅ စီးအား ပြည်ထောင်စုအစိုးရမှ အပ်နှံခွင့်ပေးလိုက်ပြီ

0

Full article

၁၉၉၉ -၂၀၀၃ ခုနှစ်မော်ဒယ် YBS ယာဉ်ဟောင်း ၁၂၅ စီးအား ပြည်ထောင်စုအစိုးရမှ အပ်နှံခွင့်ပေးလိုက်ပြီဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးသယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့(YRTA) ထံမှသိရသည်။

YBS ယာဉ်လိုင်းများထဲမှ ကြံ့ခိုင်မှုနှင့် ဝန်ဆောင်မှုတွင် အားနည်းလာသော ၁၉၉၉ ခုနှစ်မှ ၂၀၀၃ ခုနှစ်မော်ဒယ် အထိ YBS ယာဉ်များကို လူစီးယာဉ်တင်သွင်းခွင့်စလစ်ဖြင့် အပ်နှံခွင့်ပေးရန် YRTA က ဆောင်ရွက်လျက်ရှိရာ လက်ရှိအပ်နှံရန်တင်ပြထားသော YBS ယာဉ်စီးရေ ၁၄၁ စီးရှိနေရာမှ ယခုအခါ ပြည်ထောင်စုအစိုးရမှ အစီးရေ ၁၂၅ စီးကို အပ်နှံခွင့်ပြုလိုက်ပြီဖြစ်ကြောင်းသိရသည်။

“ပြည်ထောင်စုအစိုးရကနေ City Bus ၁၂၂ စီး၊ Mini Bus ၃ စီး၊ စုစုပေါင်း ၁၂၅ စီးကို အခုဆို အပ်နှံခွင့်ပေးလိုက်ပါပြီ။ ဒါကြောင့် ဒီယာဉ်တွေနဲ့ပတ်သက်တဲ့ လုပ်ထုံးလုပ်နည်းအတိုင်း CNG အပ်နှံတာတွေ တွေ GPS တွေစနစ်တကျ ဖြုတ်သိမ်းတာတွေ၊ ပြစ်မှုရှိ/မရှိ စစ်ဆေးတာတွေ ဆောင်ရွက်ပြီးရင် ဆက်လက်အပ်နှံသွားမှာဖြစ်ပါတယ်”

ဟု YRTA တွဲဖက်အတွင်းရေးမှူး ဦးလှအောင်မှပြောကြားခဲ့သည်။

YBS ယာဉ်လိုင်းများထဲတွင် ၁၉၉၉ -၂၀၀၃ ခုနှစ်မော်ဒယ်ထုတ် YBS ယာဉ်စီးရေ ၇၀၀ ကျော်ရှိနေပြီး ၎င်းယာဉ်များကို တစ်ပြိုင်နက်တည်း အပ်နှံသွားမည်မဟုတ်ကြောင်းသိရသည်။ ထို့အပြင် ယာဉ်အို/ဟောင်းအပ်နှံလိုက်သည့်အတွက် လျော့နည်းသွားမည့် ယာဉ်များကြောင့် ယာဉ်လိုင်းပြေးဆွဲမှုများကိုထိခိုက်မည်မဟုတ်ကြောင်းနှင့် ပြေးဆွဲရန်အတွက် ခွင့်ပြုချက်တောင်းခံထားသော ယာဉ်သစ်များလည်းရှိနေကြောင်းသိရသည်။

ယာဉ်အို/ဟောင်းအပ်နှံရာတွင် အနှစ်၂၀ သက်တမ်းရှိယာဉ်များကိုသာ အပ်နှံခွင့်ပြုခဲ့သော်လည်း ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ YBS ယာဉ်များပြေးဆွဲမှုကို ပိုမိုမြှင့်တင်လိုသည့်အတွက် ၂၀၀၃ ခုနှစ်အထိ ယာဉ်များကို အထူးအစီအစဉ်တစ်ရပ်အနေဖြင့် ခွင့်ပြုခဲ့သည်အပြင် လူစီးယာဉ်တင်သွင်းခွင့်ထောက်ခံချက်( လူစီးစလစ်) ကိုလည်း အထူးအခွင့်အရေးအနေဖြင့် ပေးအပ်ခဲ့ခြင်းဖြစ်သည်။

Author