YBS ယာဉ်လိုင်းများ၌ စီးနင်းသည့်ခရီးသည်ဦးရေ တဖြည်းဖြည်းပြန်လည်မြင့်တက်လာ

0

Full article

မြန်မာနှစ်ကူး ပိတ်ရက်လွန်ကာလများတွင် YBS ယာဉ်လိုင်းများ၌ စီးနင်းသည့်ခရီးသည်ဦးရေမှာ တစ်သိန်းကျော်သာရှိခဲ့ပြီး ယခုအခါ လိုက်ပါစီးနင်းသည့်ခရီးသည်ဦးရေ ၃ သိန်းနီးပါးအထိရှိလာကာ တဖြည်းဖြည်းပြန်လည်မြင့်တက်လာကြောင်း ရန်ကုန်တိုင်းဒေသကြီးသယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ (YRTA) ၏ ထုတ်ပြန်ချက်များအရသိရသည်။

မြန်မာနှစ်ကူး ပိတ်ရက်ရှည်ကာလအတွင်း YBS ယာဉ်လိုင်းများကို ယာဉ်စီးရေလျှော့ချပြေးဆွဲခဲ့ပြီး ပုံမှန်ပြန်လည်ပြေးဆွဲသည့် ၂၀.၄.၂၀၂၀ ရက်နေ့တွင် ယာဉ်စီးရေ ၁,၃၀၀ စီးဖြင့် ပြန်လည်ပြေးဆွဲရာ လိုက်ပါစီးနင်းသည့်ခရီးသည်ဦးရေမှာ ၁၃၇,၆၈၈ ဦးသာရှိခဲ့ပြီး ယခုအခါ တစ်ရက်လျှင်လိုက်ပါစီးနင်းသည့်ခရီးသည်ဦးရေ မှာ ၂၉၀,၀၀၀ ကျော်အထိရှိလာကာ တစ်ရက်ထက်တစ်ရက် ပြန်လည်မြင့်တက်လာကြောင်း YRTA မှထုတ်ပြန်သော စာရင်းများအရသိရသည်။ YBS ယာဉ်လိုင်းများတွင် တစ်ရက်လျှင် လိုက်ပါစီးနင်းသည့်ခရီးသည်ဦးရေမှာ ဧပြီလ ၂၁ ရက်နေ့တွင် ၁၇၇,၉၁၆ ဦး၊ ၂၂ ရက်နေ့တွင် ၁၈၁,၇၂၇ ဦး၊ ၂၃ ရက်နေ့တွင် ၁၉၄,၂၄၈ ဦး၊ ၂၄ ရက်နေ့တွင် ၁၈၁,၁၃၄ ဦး၊ ၂၅ ရက်နေ့တွင် ၁၉၅,၄၁၂ ဦး၊ ၂၆ ရက်နေ့တွင် ၂၁၇,၉၈၂ ဦး၊ ၂၇ ရက်နေ့တွင် ၂၉၈,၂၀၂ ဦးနှင့် ၂၈ ရက်နေ့တွင် ယာဉ်လိုင်း (၉၉) လိုင်း၊ ယာဉ်စီးရေ (၁,၆၆၅) စီးဖြင့်ပြေးဆွဲခဲ့ရာ ခရီးသည်ဦးရေ ၂၉၅,၃၃၀ ဦး ရှိခဲ့ကြောင်းသိရသည်။

YRTA အနေဖြင့် နေ့စဉ်ပြေးဆွဲလျက်ရှိသော ယာဉ်လိုင်းအရေအတွက်နှင့်မော်တော်ယာဉ်စီးရေကို နေ့စဉ်လိုက်ပါစီးနင်းသော ခရီးသည်အရေအတွက်နှင့် ယာဉ်မောင်းများ၏ ပါဝင်ဆောင်ရွက်နိုင်မှုအခြေအနေပေါ်မူတည်ပြီး စီမံပြေးဆွဲလျက်ရှိကြောင်းသိရသည်။ ယခင်က တစ်ရက်လျှင် လိုက်ပါစီးနင်းသည့်ခရီးသည်အရေအတွက်မှာ ၁.၈ သန်းခဲ့ရှိခဲ့ပြီး လက်ရှိတွင်  ခရီးသည်လိုက်ပါစီးနင်းမှုမှာ များစွာကျဆင်းနေသည့်အတွက် YBS ယာဉ်လိုင်းကုမ္ပဏီများအနေဖြင့် အရှုံးပေါ်လျက်ရှိကြောင်းလည်းသိရသည်။

Author