ဇွန်လ ဒုတိယအပတ်အတွင်း YBS ယာဉ်လိုင်းများတွင်စီးနင်းသူအရေအတွက်မှာ ၆ သိန်းဝန်းကျင်မှ ၇ သိန်းကျော်အထိ ရှိလာကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ (YRTA) ၏ ထုတ်ပြန်ချက်များအရသိရသည်။

ယခင်ကာလများတွင် YBS ယာဉ်လိုင်းများတွင် စီးနင်းသည့်အရေအတွက်မှာ တစ်ရက်လျှင် ၁.၈ သန်းအထိရှိခဲ့ပြီး COVID-19 ကာလအတွင်း စီးနင်းသည့်အရေအတွက်မှာ ၉၀ ရာခိုင်နှုန်းအထိကျဆင်းခဲ့သော်လည်း နောက်ပိုင်းကာလများတွင် စီးနင်းသူအရေအတွက်မှာ တစ်ဖြည်းဖြည်းပြန်လည်မြင့်တက်လာခဲ့ပြီး ဇွန်လ ဒုတိယပတ်များတွင် စီးနင်းအရေအတွက်မှာ ၆ သိန်းမှ ၇ သိန်းကျော်အထိပြန်လည်မြင့်တက်လာကြောင်း YRTA ၏ထုတ်ပြန်ချက်များအရသိရသည်။ ဇွန်လ ၅ ရက်နေ့တွင် စီးနင်းသူခရီးသည်အရေအတွက်မှာ ၆၁၇,၃၀၂ ဦး၊ ၆ ရက်နေ့တွင် ၅၈၇,၄၀၈ ဦး၊ ၇ ရက်နေ့တွင် ၅၈၂,၀၈၁ ဦး၊ ၈ ရက်နေ့တွင် ၇၀၆,၅၉၅ ဦး၊ ၉ ရက်နေ့တွင် ၈၃၈,၂၉၇ ဦး၊ ၁၀ ရက်နေ့တွင် ၇၇၅,၆၆၁ ဦး အသီးသီးရှိခဲ့ကြောင်း YRTA ၏ ထုတ်ပြန်ချက်များအရသိရသည်။ လတ်တလောတွင် ပြေးဆွဲလမ်းကြောင်း ၁၂၅ လမ်းကြောင်းခန့်၊ ယာဉ်စီးရေ ၃,၅၀၀ ဝန်းကျင်ဖြင့် ခရီးသည်များကို သယ်ယူပို့ဆောင်ပေးလျက်ရှိပြီး YRTA အနေဖြင့် နေ့စဉ်ပြေးဆွဲလျက်ရှိသော ယာဉ်လိုင်းအရေအတွက်နှင့် မော်တော်ယာဉ်စီးရေမှာ နေ့စဉ်ခရီးသွားလာမှုရှိသော ပြည်သူများ၏ အခြေအနေအရလည်းကောင်း၊ ယာဉ်မောင်းများ၏ ပါဝင်ဆောင်ရွက်နိုင်မှုအခြေအနေအရလည်းကောင်း စီမံပြေးဆွဲရခြင်းဖြစ်ကြောင်းသိရသည်။
ယခင်ကာလများတွင် YBS ယာဉ်စီးရေ ၄,၃၀၀ ခန့်၊ ပြေးဆွဲလမ်းကြောင်းပေါင်း ၁၃၇ လမ်းကြောင်း၊ ယာဉ်လိုင်း ၁၀၂ လိုင်းဖြင့် နေ့စဉ် ခရီးသည်ဦးရေ ၁.၈ သန်းခန့်ကို နေ့စဉ်ပို့ဆောင်ပေးခဲ့ကြောင်းသိရသည်။