ရန်ကုန်-ကိုကိုးကျွန်း ရေကြောင်းခရီးစဉ်စတင်ခြင်းအခမ်းအနားကို သာကေတဆိပ်ခံတံတားတွင် ကျင်းပ

0

Full article

ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ ( YRTA) ၏ ရန်ကုန်-ကိုကိုးကျွန်း ရေကြောင်းခရီးစဉ်စတင်ခြင်းအခမ်းအနားကို ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ ၂၁ ရက်နေ့၌ သာကေတမြို့နယ်၊ ကြယ်ငါးပွင့်သင်္ဘောလုပ်ငန်း၊ သာကေတဆိပ်ခံတံတားတွင် ကျင်းပခဲ့သည်။


အခမ်းအနားသို့ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်၊ YRTA မှ တာဝန်ရှိသူများနှင့် မြန်မာ့ကြယ်ငါးပွင့်သင်္ဘောလုပ်ငန်းမှ တာဝန်ရှိသူများတက်ရောက်ခဲ့ကြသည်။ ထို့နောက် ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီးရန်ကုန်-ကိုကိုးကျွန်း ရေကြောင်းခရီးစဉ်နှင့် စပ်လျဉ်း၍

“ကိုကိုးကျွန်းမှာ တာဝန်ထမ်းဆောင်နေကြတဲ့ ဌာနဆိုင်ရာအသီးသီးမှ ဝန်ထမ်းတွေနဲ့  ပြည်သူတွေဟာ ရန်ကုန်မြို့ကို အချိန်မှန်ဆက်သွယ်နိုင်မယ့် နည်းလမ်းသစ်တစ်ခုကို ကျွန်တော်တို့ဆောင်ရွက်ခဲ့ပါတယ်။ ဒီလိုဆောင်ရွက်တဲ့အခါမှာ လေကြောင်းလမ်းဟာ ကုန်ကျစရိတ် အလွန်များပြီးခက်ခဲတဲ့အခြေအနေမှာရှိနေပါတယ်။ ဒါကြောင့် ရေကြောင်းကိုအသုံးပြုဖို့ ပြင်ဆင်ပါတယ်။ ကိုကိုးကျွန်းရဲ့ လူဦးရေအနေအထား၊ သွားရောက်တာဝန်ထမ်းဆောင်နေကြတဲ့ ဌာနဆိုင်ရာဝန်ထမ်းတွေဟာ ရန်ကုန်မြို့ကို အချိန်မှန်ဘယ်တော့ရောက်မယ်ဆိုတဲ့အခြေအနေကို အခုရေလမ်းခရီးစဉ်နဲ့သွားလာလို့ရရင် သူတို့အနေနဲ့ သတ်မှတ်လို့ရပါပြီ။ အခုခရီးစဉ်ကတော့ ပထမဆုံးခရီးစဉ်ဖြစ်တဲ့အတွက် ဇန်နဝါရီလအတွင်းမှာ အကြိုပြေးဆွဲဖို့ ဆုံးဖြတ်ခဲ့ပါတယ်”

ဟု ပြောကြားခဲ့သည်။

ထို့အပြင် နောက်လများတွင်လည်း လတစ်လ၏ ပထမပတ်အတွင်း၌ ပုံမှန်ပြေးဆွဲသွားမည်ဖြစ်သော်လည်း ကိုကိုးကျွန်းသည် မြန်မာနိုင်ငံ အရေးကြီးသည့်လုံခြုံရေးနယ်မြေတစ်ခုဖြစ်သည့်အတွက် အပျော်ခရီးသွားလာခြင်းကို ခွင့်ပြုသွားမည်မဟုတ်ကြောင်း ထပ်မံပြောကြားခဲ့သည်။


ရန်ကုန် - ကိုကိုးကျွန်း ရေကြောင်းခရီး၏ ပထမဆုံးခရီးစဉ်တွင် သဟာပတိ ရေယာဉ်ဖြင့် ခရီးသည် ၃၈ ဦး၊ ကုန်ချိန် ၂၈၁ တန်ကိုတင်ဆောင်ကာ ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ ၂၁ ရက်နေ့၊ နံနက်၁၀ နာရီ ၃၀ မိနစ်တွင်စတင်ထွက်ခွာသွားပြီး ရန်ကုန်မှ ကိုကိုးကျွန်းသို့ နာရီ ၄၀ ခန့် ခုတ်မောင်းရမည်ဖြစ်ကြောင်းသိရသည်။

Author