City Transit မြို့ပတ်ယာဉ်လိုင်းအား ခရီးသည်စီးနင်းမှုမှာ စတင်ပြေးဆွဲသည့်နေ့မှစ၍ လစဉ် တိုးတက်မှုရှိ

0

Full article

City Transit မြို့ပတ်ယာဉ်လိုင်းအား ခရီးသည်စီးနင်းမှုမှာ စတင်ပြေးဆွဲသည့်နေ့မှစ၍ လစဉ် တိုးတက်မှုရှိနေကြောင်း ရန်ကုန်တိုင်းဒေသကြီးသယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ (YRTA) ထံမှသိရသည်။


“ ဒီယာဉ်လိုင်းစတင်ပြေးဆွဲစဉ်က ယာဉ်တွေက တန်ဖိုးကြီးမြင့်တဲ့အတွက် ပြေးဆွဲလို့ဖြစ်နိုင်ပါ့မလား၊ ကုမ္ပဏီကရော ဒါကိုလုပ်နိုင်ပါ့မလားဆိုတဲ့ မေးခွန်းတွေရှိခဲ့ပါတယ်။ ဒါပေမဲ့ City Transit ကုမ္ပဏီဟာ ပြည်သူလူထုအပေါ်ဝန်ဆောင်မှုပေးရာမှာ Scania လိုကားမျိုးတွေနဲ့ ဝန်ဆောင်မှုပေးနိုင်ခဲ့တာဟာ ဝမ်းသာဖို့ကောင်းပါတယ်။ ဒါအပြင် နည်းပညာပိုင်းအရလည်း ယာဉ်တွေရဲ့ပြေးဆွဲလမ်းကြောင်းအနေအထားကို ပြည်သူလူထု အချိန်နဲ့တပြေးညီ သိအောင်ဝန်ဆောင်မှုတွေပေးနိုင်ခဲ့ပါတယ်”

ဟု YRTA တွဲဖက်အတွင်းရေးမှူး ဦးလှအောင်မှပြောကြားခဲ့သည်။

City Transit ယာဉ်လိုင်းစတင်ပြေးဆွဲသည့် ၂၀၁၉ခုနှစ်၊ စက်တင်ဘာလ ၂၃ ရက်နေ့မှ စက်တင်ဘာလ ၃၀ ရက်နေ့အထိတွင်တစ်ရက်လျှင်ပျှမ်းမျှယာဉ်စီးရေ ၁၇ စီးဖြင့်ပြေးဆွဲခဲ့ပြီး နေ့စဉ် စီးနင်းသူဦးရေ ပျှမ်းမျှ ၁၃၃၀ ဦးခန့်၊ အောက်တိုဘာလတွင် နေ့စဉ်ယာဉ်စီးရေ ၃၀ နှင့် စီးနင်းသူဦးရေ ပျှမ်းမျှ ၂၀၆၃ ဦးခန့်၊ နိုဝင်ဘာလတွင် နေ့စဉ်ယာဉ်စီးရေ ပျှမ်းမျှ ၂၅ စီးနှင့် စီးနင်းသူဦးရေ ၃၀၀၃ ဦးခန့်၊ ဒီဇင်ဘာလတွင် နေ့စဉ်ယာဉ်စီးရေ ၂၇ စီးနှင့် စီးနင်းသူဦးရေ ၃၅၇၈ ဦးခန့်ရှိကြောင်း YRTA ၏ စာရင်းများအရသိရသည်။


City Transit မြို့ပတ်ယာဉ်လိုင်းကိုယာဉ်လမ်းကြောင်း နှစ်ကြောင်းခွဲ၍ ပြေးဆွဲလျက်ရှိပြီးယာဉ်လမ်းကြောင်း (၁) မှာ အောင်မင်္ဂလာအဝေးပြေးဝင်းမှ စတင်ထွက်ခွာကာ အမှတ်(၃) လမ်းမကြီး၊ ၆ ကွေ့၊ သုဓမ္မာလမ်း၊ ဝေဇယန္တာလမ်း၊ ပါရမီလမ်း၊ ဘေလီထိပ်၊ သံသုမာလမ်း၊ စံပြဈေး၊ ပြည်ထောင်စုခုံးကျော်တံတား၊ သံသုမာလမ်း (သုဝဏ္ဏ) ကြက်ဘဲဈေး၊ သမိန်ဗရမ်းလမ်း၊ အထက်ပုဇွန်တောင်လမ်း၊ ၅၁ လမ်းထိပ်၊ ဗိုလ်တထောင်ဘုရားလမ်း၊ ကမ်းနားလမ်း၊ ကြည့်မြင်တိုင် ကမ်းနားလမ်း၊ ဘုရင့်နောင်လမ်း၊ ဘုရင့်နောင်လမ်းဆုံ၊ သမိုင်းဘူတာရုံလမ်း၊ သမိုင်းလမ်းဆုံ၊ ကျိုက်ဝိုင်းဘုရားလမ်း၊ ၈ မိုင်၊ ကမ္ဘာအေးဘုရားလမ်း၊ နဝဒေး၊ အုတ်ပုံဆိပ်လမ်း၊ သုဓမ္မာလမ်း၊ ၆ ကွေ့၊ အမှတ်(၃) လမ်းမကြီးမှ အောင်မင်္ဂလာ အဝေးပြေးသို့ ရောက်ရှိမည်ဖြစ်ပြီး  ယာဉ်လမ်းကြောင်း (၂) မှာမူ ယာဉ်လမ်း ကြောင်း (၁) ၏ မျက်နှာချင်းဆိုင်လမ်း ကြောင်းအတိုင်း ပြေးဆွဲလျက်ရှိကြောင်း သိရသည်။

Author