စွမ်းဆောင်ရည်အကောင်းဆုံးဆုနှင့် ကြိုးစားအားထုတ်မှုအရှိဆုံးဆု တို့ကို YRTA (၃) နှစ်ပြည့်အခမ်းအနားတွင် ပေးအပ်

0

Full article

၂၀၁၉ ခုနှစ်အတွက် စွမ်းဆောင်ရည်အကောင်းဆုံး YBS ယာဉ်လိုင်းကုမ္ပဏီဆုများနှင့် ကြိုးစားအားထုတ်မှုအရှိဆုံး YBS ယာဉ်လိုင်းကုမ္ပဏီဆုကို ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလ ၁၆ ရက်နေ့၌ ရန်ကုန်မြို့ Sky Star Hotel တွင်ကျင်းပခဲ့သော YRTA (၃) နှစ်ပြည့်အခမ်းအနားတွင် ပေးအပ်ခဲ့ကြောင်းသိရသည်။

ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ (YRTA) ၏ ကွပ်ကဲမှုအောက်တွင် YBS ကုမ္ပဏီ (၁၉) ခုနှင့် ပုဂ္ဂလိကကြီးကြပ်ယာဉ်လိုင်း (၄) ဖွဲ့မှ ပြေးဆွဲယာဉ်စီးရေ ၆,၇၃၈ စီး၊ ပြေးဆွဲယာဉ်လိုင်းပေါင်း ၁၀၀ လိုင်း၊ ပြေးဆွဲခရီးစဉ်လမ်းကြောင်းပေါင်း (၁၃၄) လမ်းကြောင်း ရှိနေပြီး ၎င်းတို့အနက်မှ ဝန်ဆောင်မှုအကောင်းဆုံးနှင့်၊ စည်းကမ်းဖောက်ဖျက်မှုအနည်းပါးဆုံး၊ ခရီးသွားပြည်သူများ၏ တိုင်ကြားခံရမှုအနည်းဆုံး စသည့်အချက်များအပေါ် အခြေခံပြီး ၂၀၁၉ ခုနှစ်အတွက် စွမ်းဆောင်ရည်အကောင်းဆုံး ယာဉ်လိုင်းကုမ္ပဏီဆုများနှင့် အကြိုးစားဆုံး ယာဉ်လိုင်းကုမ္ပဏီဆုများကို ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း YRTA ထံမှသိရသည်။ ဆုများကို  YRTA ဥက္ကဋ္ဌ၊ ရန်ကုန်တိုင်းဒေသကြီး လျှပ်စစ်၊ စက်မှုလက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က ပေးအပ်ခဲ့ပြီး စွမ်းဆောင်ရည်အကောင်းဆုံး ယာဉ်လိုင်းကုမ္ပဏီဆုများကို ဗန္ဓုလကုမ္ပဏီ၊ ရန်ကုန်ဘက်စ်ကား အများနှင့်သက်ဆိုင်သောကုမ္ပဏီ (YBPC)၊ လူထုမိတ်ဆွေ ကုမ္ပဏီ၊ Omni Focus General Service Public Co.,Ltd. နှင့် ကုန်းဘောင်ရန်ကုန်ကုမ္ပဏီတို့မှရရှိခဲ့ပြီး ၂၀၁၉ ခုနှစ်အတွက် ကြိုးစားအားထုတ်မှုအရှိဆုံးယာဉ်လိုင်းကုမ္ပဏီဆုကို ရွှေတောင်ပိုင်းကုမ္ပဏီမှ ရရှိခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ (YRTA) ၏ (၃) နှစ်ပြည့်အခမ်းအနားကို ၁၆.၁.၂၀၂၀ ရက်နေ့တွင်ကျင်းပခဲ့ပြီး အခမ်းအနားသို့ YRTA နာယက၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ YRTA ဥက္ကဋ္ဌ၊ ရန်ကုန်တိုင်း ဒေသကြီး လျှပ်စစ်၊ စက်မှုလက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်၊ ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုး တို့အပါအဝင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ YRTA အဖွဲ့ဝင်များ၊ ယာဉ်လိုင်းကုမ္ပဏီများမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ဖိတ်ကြားထားသော အထူးဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။

Author